မည်သူမျှမကျန်ရစေဘဲ ပူးပေါင်းလုပ်ဆောင်

၂၇ မေ

 

လူတို့သည် ဘေးဒုက္ခကြုံတွေ့နေချိန်တွင် တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်း ကူညီလေ့ရှိသည်။ ပုံမှန်ကာလများထက် ဒုက္ခအခက်အခဲကြုံတွေ့နေချိန်တွင် ဖေးမကူညီစောင့်ရှောက်ပေးခြင်းသည် မိတ်ဆွေကောင်းမည်သလို မင်္ဂလာ တစ်ပါးလည်းဖြစ်သည်။ အထူးသဖြင့် မတူကွဲပြားသူများအား ဖေးမကူညီ ပေးသည်မှာ လူသားချင်းစာနာထောက်ထားသည့် မေတ္တာစိတ်အစစ်အမှန် ဖြစ်သည်။

 

ယခုအခါ ကမ္ဘာတစ်ဝန်းကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ဘေး ရောဂါဖြစ်ပွားနေသောအချိန်တွင် ကမ္ဘာ့လူသားအားလုံး စိုးရိမ်ထိတ်လန့် ပူပန်နေကြသည်။ မြန်မာနိုင်ငံတွင် ပြည်ပမှတစ်ဆင့် ဝင်ရောက်လာသည့် ရောဂါဘေးအန္တရာယ်ကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်အောင် အလေးထားဆောင်ရွက်နေကြသည်။ ရောဂါပိုးတွေ့ရှိသူအများစုမှာ ပြည်ပ နိုင်ငံများမှ ရောက်လာကြသူများဖြစ်၍ နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် ရောဂါစစ်ဆေးစောင့်ကြည့်ရေးကို အလေးထား လုပ်ဆောင်နေကြသည်။

 

မြန်မာနိုင်ငံသည် နိုင်ငံငါးနိုင်ငံနှင့် နယ်နိမိတ် ရှည်လျားစွာထိစပ် လျက်ရှိရာ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာကြသော မြန်မာနိုင်ငံသား များအား စနစ်တကျ စစ်ဆေးလက်ခံဆောင်ရွက်ပေးနေသည်။ နယ်စပ်ဒေသအများစုသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အခြေပြုသော ဒေသများဖြစ်သော်လည်း နိုင်ငံတော်အနေဖြင့် ထိုဒေသများကို ပစ်ပယ်ထားခြင်းမရှိပေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ နယ်မြေဒေသများတွင် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ဆောင်နေကြရာ ယခုအခါ နိုင်ငံတော်အစိုးရကပါ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လည်းကောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်လည်းကောင်း၊ ယခုကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါဘေး ကာကွယ်ရေးလုပ်ငန်းများတွင်လည်းကောင်း မည်သူမျှ မကျန်စေရအောင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေပါသည်။ ကိုဗစ်-၁၉ ရောဂါအရေးတွင် နိုင်ငံတော်သမ္မတရုံးက  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းပေးပြီး NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများရော လက်မှတ်မရေးထိုး ရသေးသော အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းလက်တွဲဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။

 

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကို ရန်ကုန်မြို့တွင် အများဆုံး တွေ့ရှိသော်လည်း ပြည်ပမှဝင်ရောက်လာသူ အများဆုံးရှိသည့် နယ်စပ်ဒေသများကိုလည်း မပေါ့မဆဂရုစိုက်လုပ်ကိုင်ပေးရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်း၊ ဆောင်ရန်ရှောင်ရန်အချက်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များ၊ အသိပညာပေးမှုများကို ပြည်သူအားလုံး သိရှိနားလည်အောင် လုပ်ဆောင်ပေးရန် လိုအပ်သည်။

 

ယင်းအချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မိမိတို့၏နယ်မြေဒေသများအတွင်း နိုင်ငံတော်အစိုးရနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါဘေးကင်းဝေးရေးကိုတစ်နိုင်ငံ လုံးလွှမ်းခြုံ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်အစိုးရနှင့် စေတနာရှင်များ၏ ထောက်ပံ့ကူညီပေးသော ရောဂါကာကွယ်ရေးနှင့် ဆေးပစ္စည်းများကို အကျိုးရှိထိရောက်စွာအသုံးပြုပြီး တိုင်းရင်းသား ပြည်သူများကို ဝိုင်းဝန်းကူည စောင့်ရှောက်ပေးကြရမည် ဖြစ်သည်။

 

ယနေ့ကာလတွင် ငြိမ်းချမ်းရေးကော်မတီအနေဖြင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် လက်မှတ်မထိုးရသေးသည့်အဖွဲ့ နှစ်ဖွဲ့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီး၊ ထိန်းချုပ်ရေးနှင့်ပတ်သက်သော အထောက်အကူပြုပစ္စည်းများ လှူဒါန်း ထားပြီးဖြစ်သည်။ ရောဂါဘေးကာကွယ်ရေးတွင် နိုင်ငံတော်အစိုးရနှင့် အတူလက်တွဲ၍ တိုင်းရင်းသားပြည်သူများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်နိုင်ပြီး ငြိမ်းချမ်းရေးခရီးတွင် ပိုမိုအားကောင်းသော တွန်းအားဖြစ်ပေါ်လာစေမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ခြိမ်းခြောက်နေသော ကိုဗစ်-၁၉ ရောဂါကို အခွင့်အရေးအဖြစ် သဘောထား၍ ရောဂါကာကွယ် တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလက်တွဲ ညီညွတ်စွာဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ယုံကြည်မှုများ တိုးတက်စေနိုင်သည့် အပေါင်းလက္ခဏာများကို ဆောင်ကြဉ်း နိုင်မည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ