မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြား ၈ ဒသမ ၅၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ကျေးရွာအနီးတွင် ပဲခူးမှ ကော့သောင်းသို့ သူရဝင်း မောင်းနှင်ပြီး ၎င်း၏ဇနီး မအေးသန္တာအောင် နှင့် မဖူးဖူးဝေ တို့ လိုက်ပါလာသည့် LANDCRUISER PRADO မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ဇန်နဝါရီ ၄ ရက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင် သူများဖြစ်သည့် ကိုရှည်(ခ)ကျော်ထက် အား ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်တွင် လည်းကောင်း၊ ခင်ဇော်မြင့်အား ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဖမ်းမိတရားခံ သူရဝင်းနှင့် မအေးသန္တာ အောင် တို့နေထိုင်သည့် ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ သီရိမင်္ဂလာလမ်းသွယ်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYOTA FJ CRUISER မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့် မူးယစ် ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် မြန်မာငွေကျပ် ၇၉ ဒသမ ၈၅ သိန်း၊ ထိုင်းဘတ်ငွေ ၆,၀၀၀ ဘတ်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၃၉ မျိုး(တန်ဖိုးငွေ ၉၃၄ သိန်းကျပ်ခန့်)တို့အား သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည် နယ်၊ တောင်ကြီးမှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းသို့ သယ်ဆောင် ရောင်းဝယ် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ် ပါဝင်သူများပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ အဖိုးတန် ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်