မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် ဇွန် ၃၀

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၉ ရက်နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ အများပြည်သူ အားထားအသုံးပြုလျက်ရှိသည့် မိုင်တိုင်အမှတ်၊ ၁၃၁/၆ နှင့် ၁၃၁/၇ ကြား၊ တံတား အမှတ်(၃/၁၃၂)၊ အရှည် ၉၅ ပေ၊ အကျယ် ၄၁ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ်အမျိုးအစား ကျုံအိတ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကျုံအိတ်တံတား၏ အနောက်ဘက်ခြမ်း ၆၆ ပေခန့် ပဲ့ကျပျက်စီးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားချိန်၌ တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ယာဉ် ၃ စီးပြုတ်ကျပျက်စီးခဲ့ကာ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိစဉ် အဆိုပါအကြမ်းဖက်သမားများက Drop Bomb များအသုံးပြု၍ အကြမ်းဖက်မှုများ ထပ်မံလုပ်ဆောင်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးထပ်မံသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်သည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်သော်လည်း မော်တော်ယာဉ်ကြီးများအတွက် သွားလာရန်အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်