မွန်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ထိခိုက်ခံစားရသူများကို ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ကူညီပေးအပ်

ရန်ကုန်၊ မေ ၂၆

မြန်မာနိုင်ငံကြက်ခြေနီအသင်း  တိုင်းဒေသကြီး/ ပြည်နယ်၊  ခရိုင်၊ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို ရှေးဦးပြုစုပေးခြင်း၊ ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံ၊ ဆေးခန်းများသို့ ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူများကို ကူညီခြင်းစသည့် လူမှုကရုဏာ အကူအညီပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မေလအတွင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံနှင့် ရေးမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပြိုကျပျက်စီးခဲ့ပြီး နေအိမ်အချို့ အမိုးအကာများ ပျက်စီးခဲ့ရာ ထိခိုက်ခံစားရသော ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော အသုံးအဆောင် ပစ္စည်းများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက် ထောက်ပံ့ပေး အပ်ခဲ့သည်။  

ထိုသို့ထောက်ပံ့ရာတွင် ထိခိုက်ခံစားရသော အဆိုပါမြို့နယ်များမှ လေဘေးသင့် အိမ်ထောင်စု(၁၁၀)စုအတွက် အိမ်ထောင်စု(၁)စုလျှင် မိသားစုသုံးပစ္စည်း(၁)စုံ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁)စုံစီ၊ စောင်နှင့် တာပေါ်လင်စတို့ကို မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များက မေ(၂၅)ရက်တွင် သွားရောက်ကူညီ ထောက်ပံ့ခဲ့ကြသည်။