မွန်ပြည်နယ်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မော်လမြိုင် စက်တင်ဘာ ၂၂

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်အတွင်း မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ၏ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပါတီဝင်ခွင့် လျှောက်ထားသူများအား နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၁ အရ စိစစ်ရာတွင် သတ်မှတ်ပါတီဝင်အင်အား စာရင်း မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်မှု ရှိ/မရှိတို့ကို စိစစ်ခံနိုင်ရေး ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၈ ရက်က မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။   

       

အစည်းအဝေးသို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲအရာရှိ၊ မွန်ပြည်နယ် အတွင်းရှိ ဌာနချုပ်ပါတီဖြစ်သော အမျိုးသားအကျိုးစီးပွားတိုး တက်ရေးပါတီ၊ ပြည်နယ်အဆင့်ပါတီများ ဖြစ်သော ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ ပါတီဥက္ကဋ္ဌများတက်ရောက်ကြသည်။

      

အစည်းအဝေးတွင် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲအရာရှိက အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ပါတီတာဝန်ခံများက ပြန်လည်ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)