မွန်ပြည်နယ်၏ ဒေသဝမ်းစာဖူလုံရေး၊ လယ်ယာကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်ဧည့်ရိပ်သာ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ ဒေသဝမ်းစာဖူလုံစေရေး၊ ပြည်တွင်းပြည်ပ ဈေးကွက်ရှိနေသည့် နှစ်ရှည်သီးနှံ ရာဘာ၊ သီဟိုဠ်၊ ကျွဲကော၊ ဒူးရင်း စသည့် ဥယျာဉ်ခြံသီးနှံနှင့် မြေပြန့်ကော်ဖီများကို ဒေသနေတောင်သူများ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာစေရေး တိုးချဲ့ဆောင်ရွက်ရန်၊ ဒေသနှင့်ကိုက်ညီပြီး အလားအလာရှိသည့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်း အလေ့အထ ထွန်းကားလာရေးနှင့် နွား၊ မွေးမြူရေးဇုန် တည်ထောင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မွန်ပြည်နယ်၏ ဆန်စပါး တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရန်၊ သက်ဆိုင်ရာဒေသ၏ ထူးခြားသော ဝိသေသလက္ခဏာများ ပါဝင်သည့် လယ်ယာစီးပွားအခြေခံသော စီးပွားရေးဇုန်များ ပေါ်ထွန်းလာရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် တက်ရောက်လာသည့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြကြပြီး မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

           

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက် မွေးမြူရေးတောင်သူ ဦးသန်းထွန်းဝင်း၏ ဥစားကြက်မွေးမြူရေးခြံကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် ဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)တွင် ရာဘာစပ်မျိုးသစ်ထုတ်လုပ်နေမှု၊ မျိုးကောင်းမျိုးသန့် ရာဘာပျိုးပင် ထုတ်လုပ်ဖြန့်ဖြူးမှု၊ ပြည်တွင်းရာဘာစပ်မျိုးနှင့် အိန္ဒိယရာဘာ မျိုးယှဉ်ပြိုင် စမ်းသပ်ဆောင်ရွက်ထားရှိမှု၊ ရာဘာပင်ပျိုစိုက်ခင်းတွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ တွဲဖက်အသုံးပြုပြီး အပင်ကြီးထွားမှုကို လေ့လာခြင်းနှင့် ရာဘာမျိုးအလိုက် ကျ‌ရောက်တတ်သောရောဂါများ သုတေသနပြုလုပ်ခြင်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်