မော်လမြိုင် ဇွန် ၁၀
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မတီက ခွင့်ပြုထားသည့် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် မော်လမြိုင်မြို့နယ် ဖားအောက် ကျေးရွာရှိ MOS LUMBER PRODUCTS COMPANY LIMITED ၏ ရော်ဘာသစ်သားထွက်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နေမှုကို ကြည့်ရှုကာ ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြားသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နည်းပညာတက္ကသိုလ် (မော်လမြိုင်)ရှိ ရွှေဇီဝသဘာဝ ဇီဝမြေဩဇာ ထုတ်လုပ်နေမှုနှင့် ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ထားရှိမှုကို လှည့်လည် ကြည့်ရှုပြီး ပြည်ပမှတင်သွင်းသည့် ဓာတ်မြေသြဇာများကို အတတ်နိုင်ဆုံးလျှော့ချ၍ ပြည်တွင်းထုတ် သဘာဝ ဇီဝမြေဩဇာများကို တောင်သူများထံ ဖြန့်ဖြူးပေးရန်နှင့် လုပ်ငန်းများ တိုးတက် ကျယ်ပြန့်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး အလှူငွေပေးအပ်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားပြီး အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းမှု ကို လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
မွန်ပြည်နယ်အနေဖြင့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်း ငွေကျပ်သိန်း ၁၆၀၀၊ အလှူရှင်များက လှူဒါန်းငွေကျပ် ၃၄၉၀၆၀၀၀၀ စုစုပေါင်း လှူဒါန်း ငွေကျပ် ၅၀၉၀၆၀၀၀၀ ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


