ဒေါက်တာရင်ရင်နွယ်
နိဒါန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၁၂) ရပ်အနက် ဦးတည်ချက် ၁(ဃ) သည် လမ်းပန်းဆက်သွယ်ရေးကို ဖော်ပြထားသည် (ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး)။ ထို့အပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစည်းအဝေး၌ “စီးပွားရေးကို အထောက်အကူပြုနိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ကျွန်တော်တို့ ရှိဖို့လိုပါတယ်။ လမ်းတွေကောင်းအောင် လုပ်ရပါမယ်။ မဖြစ်မနေ လမ်းတွေကောင်းအောင် လုပ်ရပါမယ်။...လာမယ့်နှစ်မှာ လမ်းတွေကောင်းအောင်လုပ်ဖို့ ကျွန်တော်တို့ လျာထားပါတယ်။” ဟူ၍ လမ်းများနှင့် ပတ်သက်ပြီး အလေးထားပြောကြားသွားခဲ့သည်။ ဤသို့ ညွှန်ကြားခဲ့ခြင်း၏နောက်ကွယ်၌ ဖွံ့ဖြိုးမှု သီအိုရီများရှိသည်ဟုဆိုနိုင်သည်။
ဖွံ့ဖြိုးမှုနှင့် ကူညီထောက်ပံ့မှုနှစ်မျိုး
ဖွံ့ဖြိုးဆဲနိုင်ငံမြောက်မြားစွာသည် လမ်းတံတားနှင့် အခြားအခြေခံအဆောက်အအုံစီမံကိန်းများကို ဖွံ့ဖြိုးမှုမဟာဗျူဟာတစ်ရပ်အနေဖြင့် အသုံးပြုကြသည်။ ဖွံ့ဖြိုးမှုမော်ဒယ်လ် (Development Model) ဟုပင် ခေါ်ဆိုနိုင်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ထိုစီမံကိန်းများအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံထံမှ အားပေးထောက်ပံ့မှု အများဆုံးရရှိခဲ့သည်။ အနောက်အုပ်စုနိုင်ငံများထံမှ ကူညီထောက်ပံ့မှုများကား တရုတ်၏ကူညီမှုနှင့် ကွာခြား၏။ အနောက်အုပ်စုနိုင်ငံများ၏ အားပေးထောက်ပံ့မှုသည် နိုင်ငံတစ်နိုင်ငံတွင် လူ့အခွင့်အရေး ရှိ၊ မရှိနှင့် “ဒီမိုကရေစီစနစ်” ဖြစ်၊ မဖြစ် အပေါ် အခြေခံထားသည်။ “ဒီမိုကရေစီစနစ်”ဖြစ်မှ ဖွံ့ဖြိုးတိုးတက်မည်ဟု ခံယူထားကြသည်။ ဆင်းရဲ သောနိုင်ငံများ၏ရှုထောင့်ကို သူတို့ထည့်မစဉ်းစား။ စင်စစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားသည် တရုတ်ဦးဆောင်နေသော ဖွံ့ဖြိုးမှုမော်ဒယ်လ်ကို အနောက်အုပ်စုက အားပေးနေသော ဖွံ့ဖြိုးမှုမော်ဒယ်လ်ထက် ပိုနှစ်သက်သည်။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အနောက်အုပ်စု၏ ဖိအားပေးခြင်းကိုလည်း လက်မခံ ကြချေ။ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ကိုယ်တိုင် အခြားတိုင်းပြည်များကို ဝင်တိုက်ခဲ့၍ ထိုတိုင်းတစ်ပါးရှိ ပြည်သူများ၏ လူ့အခွင့်အရေးကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သောကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ မည်သူ့ကိုမျှ စစ်တိုက်ခြင်းမပြုနေသော လာအိုနိုင်ငံလေးကို ကလေးလူကြီးမရွေး၊ လာအိုနိုင်ငံသားတစ်ယောက်လျှင် ဗုံးတစ်တန် ပျမ်းမျှနှုန်းဖြင့် အမေရိကန်က ဗုံးကြဲခဲ့သည်။ [အညွှန်း ၁]
တရုတ်၏ ဘီအာရ်အိုင်စီမံကိန်းကြီး
၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည့် ဘီအာရ်အိုင် (Belt and Road Initiative၊ BRI ) စီမံကိန်းကြီးကို ထောက်ပံ့မည်ဟု ကြေညာခဲ့သည်။ ယနေ့တွင် ဘီအာရ်အိုင်သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများအတွက် ဒေါ်လာထရီလီယံပေါင်းများစွာဖြင့် ပူးပေါင်းဆောင်ရွက် ထောက်ပံ့နေသည့် တရုတ်၏ မဟာဗျူဟာကြီး တစ်ရပ်ဖြစ်လာသည်။ ကုန်းပိုင်းတွင် ဘီအာရ်အိုင် စီမံကိန်းသည် “တရုတ်မြန်မာစီးပွားရေးစင်္ကြံ” (China-Myanmar Economic Corridor)အပါအဝင် စီးပွားရေးစင်္ကြံကြီးခြောက်ခုကို ထောက်ပံ့ တည်ဆောက်ရန်ရည်ရွယ်သည်။ ပင်လယ်ဘက်တွင် ရေလမ်းကြောင်းများ လုံခြုံချောမွေ့စေရန်နှင့် အာရှ၊ အာဖရိကနှင့် တောင်အမေရိကရှိ အဓိကဆိပ်ကမ်းများကို တိုးတက်စေရန် ရည်ရွယ်သည်။ ဘီအာရ်အိုင် စီမံကိန်းသည် အာဖရိကနိုင်ငံများတွင် ရထားလိုင်း အသစ်များ၊ အဝေးပြေးလမ်းများ၊ ဓာတ်အားပေး စက်ရုံများ၊ လေဆိပ်များနှင့် အိုင်တီ (IT) စနစ်များကို ထောက်ပံ့နေသည်။ ၂၀၂၂ ခုနှစ် မတ်လအထိ ဘီအာရ်အိုင်စီမံကိန်းတွင်ပါဝင်သော နိုင်ငံပေါင်း ၁၄၇ နိုင်ငံရှိသည်။ [အညွှန်း ၂]
အနောက်ဘက်အုပ်စု၏ ကဲ့ရဲ့ဝေဖန်မှုများ
အနောက်ဘက်အုပ်စုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ထောက်ပံ့မှုများနှင့် ဘီအာရ်အိုင် စီမံကိန်းကို အမျိုးမျိုးဝေဖန်သည်။ မကြာသေးမီ အထိ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုသည် ကြီးမားသော အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များကို အမြဲတမ်းရှုတ်ချခဲ့သည်။ ဥပမာ အနောက်အုပ်စုသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရ၏ နေပြည်တော် တည်ဆောက်ရေးနှင့် အခြားအခြေခံအဆောက်အအုံ ဆိုင်ရာ ပရောဂျက်များကို ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဗြိတိန်မှ Guardian သတင်းဂျာနယ်သည် ဆင်းရဲသော မြန်မာပြည်တွင် မြို့တော်သစ်တည်ဆောက်ခြင်းသည် မသင့်တော်ကြောင်း၊ ငွေဖြုန်းခြင်းဖြစ်ကြောင်း၊ နယူးယောက်မြို့ ဧရိယာ၏ခြောက်ဆရှိသော်လည်း နေပြည်တော် လမ်းများပေါ်တွင် လူနှင့် ကားများမရှိကြောင်း (စင်စစ်တွင် နယူးယောက်မြို့နှင့် နေပြည်တော် တို့၏ ဆင်ခြေဖုံးဧရိယာ တွက်ချက်မှုများတွင် Guardian က မှားယွင်းနေကြောင်းပြနိုင်သည်)၊ ဝန်ထမ်းများသည် နေပြည်တော်တွင်နေရခြင်းကို မနှစ်သက်ကြောင်း အစရှိသဖြင့် ရှုတ်ချခဲ့သည်။ [အညွှန်း ၃]။
မြန်မာအချို့သည်လည်း အမေရိကန်နှင့် ဗြိတိန်တို့၏ ဝါဒဖြန့်မှုများကို ယုံကြည်ကြသည်။ စစ်ဘက်အစိုးရများ အကောင်အထည်ဖော်ခဲ့သော လမ်းတံတားနှင့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများသည် မြန်မာပြည်၏ ဆင်းရဲမွဲတေမှုကို လျော့ပါးမသွားစေခဲ့ကြောင်း။ မြန်မာနိုင်ငံ တကယ်လိုအပ်နေသည်မှာ အနောက်နိုင်ငံများ၏ အကူအညီဖြစ်ကြောင်း၊ အနောက်နိုင်ငံများက တရုတ်ထက် မြန်မာများအပေါ် စေတနာပိုရှိကြောင်း အစရှိသဖြင့် ယနေ့အထိ ယုံကြည်သောမြန်မာများရှိသည်။ ယုတ္တိဗေဒ (Logic) ရှုထောင့်နှင့် ဒေတာအချက် အလက်ရှုထောင့်များမှ ပြန်လည်ဆန်းစစ်ပါက လမ်းတံတားနှင့် အခြေခံအဆောက်အအုံစီမံကိန်းများနှင့်စပ်လျဉ်း၍ အောက်ပါတို့ကိုတွေ့ရသည်။
ယုတ္တိဗေဒရှုထောင့် (Logical reasoning)
လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးနှင့်စပ်လျဉ်းနေသကဲ့သို့ နိုင်ငံ၏တိုးတက်ဖွံ့ဖြိုးမှုနှင့် တိုက်ရိုက်ဆက်စပ် နေကြောင်း ခန့်မှန်းနိုင်သည်။ လမ်းပန်းဆက်သွယ်ရေးကောင်းလာလျှင် ကျေးလက်တောရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာမည်၊ တောင်သူလယ်သမားများ စိုက်ပျိုးရေးထွက်ကုန်များကို ဈေးကွက်များသို့ ပိုမိုလွယ်ကူစွာ သယ်ဆောင် ရောင်းချနိုင်မည်၊ ဆင်းရဲသောဒေသများ တိုးတက် ဖွံ့ဖြိုးလာမည် အစရှိသဖြင့် ခန့်မှန်းနိုင်သည်။
ဆင်းရဲမှုဒေတာအချက်အလက်ရှုထောင့် (Poverty data analysis)
လမ်းဖောက်လုပ်ခြင်း၏ အကျိုးဆက်များအနက် ဆင်းရဲနွမ်းပါးမှုနှုန်းကို ကျဆင်းသွားစေ ကြောင်း သုတေသီများက လေ့လာတွက်ချက်ပြထားသည်။ ဥပမာ လာအိုနိုင်ငံ ကျေးလက်ဒေသများတွင် ရာသီမရွေးသွားနိုင်သောလမ်းများကို ဖောက်ခြင်းအားဖြင့် ဆင်းရဲမှုနှုန်းသည် ငါးနှစ်အတွင်း ၃၃ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ရာခိုင်နှုန်း ကိန်းဂဏန်း ခုနစ်ခု(7 percentage points) [အညွှန်း ၄] ကျဆင်းသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်မှ သုတေသီများက ခန့်မှန်းခဲ့သည်။ ဆိုလိုသည်မှာ လမ်းဖောက်လုပ်ခြင်းဖြင့် ဆင်းရဲမှုနှုန်းသည် ငါးနှစ်အတွင်း ၂၁ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည် (၇/၃၃=၀.၂၁၂၁) [အညွှန်း ၅]။
ဂြိုဟ်တုဒေတာ (Satellite data analysis)
ထို့အပြင် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကမ္ဘာတစ်ဝန်းရှိ ၈၆ နိုင်ငံတွင် တရုတ်အကူအညီဖြင့် တိုးချဲ့ဖောက်လုပ်ခဲ့သော လမ်းပန်းဆက်သွယ် ရေးစီမံကိန်းကြီး ၂၆၉ ခုကို ဂြိုဟ်တုဒေတာဖြင့် အမေရိကန်နှင့် ဂျာမန်သုတေသီများက လေ့လာခဲ့သည် [အညွှန်း ၆]။ နေရာဒေသတစ်ခုအတွင်းရှိ စီးပွားရေးတိုးတက်မှုများကို တိုင်းထွာရန် ညအချိန်တွင် စုဆောင်းခဲ့သော မီးလင်းမှုဒေတာကို အသုံးပြုခဲ့သည်။ လမ်းစီမံကိန်းကြီးများသည် စီးပွားရေးတိုးတက်မှုများကို ပြန့်ပွားစေခဲ့ကြောင်း ထင်ရှားစွာ ပြသနိုင်ခဲ့သည်။
တရုတ်ကိုလိုက်မီရန်ကြိုးစား
အမှန်တရားသည် ငြင်းပယ်မရသောကြောင့် တရုတ်ဦးဆောင်နေသော အခြေခံအဆောက်အအုံကိုဗဟိုပြုသည့် ဖွံ့ဖြိုးမှုမော်ဒယ်လ်ကို မကြာသေးမီကပင် အမေရိကန်နှင့် အနောက်ဘက်အစိုးရများက အတုယူရန် ကြိုးစားနေကြောင်း တွေ့ရသည်။ ၂၀၂၁ ခုနှစ်တွင် သမ္မတဘိုင်ဒင်နှင့် G-7 နိုင်ငံများ (အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဂျပန်) သည် တရုတ်၏ ဘီအာရ်အိုင်နှင့် ယှဉ်ပြိုင်ရန် Build Back Better World Initiative (B3W) ကို ကြေညာခဲ့သည် [အညွှန်း ၇]။ ၂၀၂၂ ခုနှစ်တွင် ၎င်းကို Partnership for Global Infrastructure ဟု အမည်ပြောင်းကြေညာထားသည် [အညွှန်း ၈]။
ထိုသို့ တရုတ်ကို လိုက်မီရန် ကြိုးစားနေသော်ငြားလည်း အမေရိကန်သည် ယင်း၏ဘဏ္ဍာငွေချို့တဲ့မှုများကြောင့် အခြေခံ အဆောက်အအုံများကို ထောက်ပံ့ရာတွင် တရုတ်နိုင်ငံကို မည်သို့မျှမယှဉ်ပြိုင်နိုင်ကြောင်း နိုင်ငံတကာက လက်ခံထားပြီးဖြစ်သည် [အညွှန်း ၉]။ ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဘောဂဗေဒပညာရှင်တစ်ဦးဖြစ်သူ Francis Fukuyama သည် “အခြေခံအဆောက်အအုံများသည် လွန်စွာလိုအပ်နေသည်။ လူတို့သည် လမ်းများနှင့် လျှပ်စစ်မီးများလိုချင်နေသည်။ ဤလိုအပ်ချက်များကို အနောက်နိုင်ငံ အေဂျင်စီများသည် မဖြည့်ဆည်းပေးနိုင်” ဟူ၍ ဝေဖန်ခဲ့သည် [အညွှန်း ၁၀]။ ယခုအခါတွင် အနောက်နိုင်ငံများက တရုတ်နှင့် ငွေကြေးအင်အား မယှဉ်နိုင်တော့သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဝေဖန်ခံနေရသည်။ ဥပမာ ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) ကြေညာထားသော အာဖရိကနိုင်ငံများအား ကူညီထောက်ပံ့မှုအစီအစဉ် များကို ဂျီဘူတီနိုင်ငံ (Djibouti)သမ္မတ၏ အကြံပေး ပုဂ္ဂိုလ်တစ်ဦးက “ငွေလည်းမရှိ၊ အာဖရိက၏ အနာဂတ်အတွက် အမြော်အမြင်လည်းမရှိ” ဟူ၍ ပြောင်လှောင်ခဲ့သည် [အညွှန်း ၁၁]။
မြန်မာနိုင်ငံအစိုးရအဆက်ဆက်နှင့် လမ်းများဖောက်လုပ်ခြင်း
အထက်ပါတင်ပြချက်များမှ လမ်းဖောက်လုပ်ခြင်းသည် ဆင်းရဲနွမ်းပါးမှုနှုန်း ကျဆင်းစေနိုင်ကြောင်းနှင့် ကျေးလက်တောရွာများကို ပိုမိုဖွံ့ဖြိုး တိုးတက်လာစေနိုင်ကြောင်း နိုင်ငံတကာပညာရှင်များသာမက အစိုးရများက လက်ခံကြောင်း ထင်ရှားသည်။ မြန်မာနိုင်ငံတွင်လည်း “လမ်းပန်းဆက်သွယ် မှုလုံခြုံချောမွေ့စေရေး” သည် နိုင်ငံတော်ဦးတည် ချက်(၁၂)ရပ်တွင်ပါဝင်နေသည့် အရေးကြီးသော ဦးတည်ချက်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လမ်းဖောက်လုပ်တိုးချဲ့ခြင်းအခြေအနေကို အနည်းငယ်တင်ပြလိုပါသည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာန လမ်းဦးစီးဌာနက ၁၉၈၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ ဒေတာများကို အခြေခံ၍ ၎င်းဒေတာများကို စိစစ်သုံးသပ်ပြီး ဇယားများရေးဆွဲသောအခါ အောက်ပါအတိုင်း တွေ့ရပါသည် -
၁။ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စုစုပေါင်း ကားလမ်း ၂၁၉၄၃ ကီလိုမီတာအရှည်ရှိခဲ့ သည်။ ၎င်းအနက် ရာသီမရွေးသွားနိုင်သည့် ကားလမ်းများမှာ ၈၉၂၁ ကီလိုမီတာ (၄၁ ရာခိုင်နှုန်း) မျှသာရှိကြောင်း တွေ့ရသည်။ အင်္ဂလိပ်ခေတ်နှင့်လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင် ဖောက်လုပ်ထားခဲ့သည့်လမ်းများဖြစ်သည်။
၂။ ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး (နဝတ)အစိုးရနှင့် နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက) အစိုးရတို့၏ ခေတ်များတွင် ၁၅၈၄၂ ကီလိုမီတာ (၄၉ ရာခိုင်နှုန်း ရာသီမရွေးသွားနိုင်သည့် ကားလမ်း) ထပ်မံလမ်းဖောက်လုပ်ခဲ့ရာ စုစုပေါင်း ကားလမ်း ၃၇၇၈၅ ကီလိုမီတာအထိ တိုးချဲ့ ဖောက်လုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ပြည်ခိုင်ဖြိုး) ဦးဆောင်သောအစိုးရ က လမ်းများကို ၃၆၂၈ ကီလိုမီတာ ထပ်မံ တိုးချဲ့ခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရသည် လမ်းများကို ၁၁၆၈ ကီလိုမီတာ ထပ်မံတိုးချဲ့ခဲ့သည် (ဇယား ၁ နှင့် ဇယား ၂)။
၃။ တစ်နှစ်လျှင် လမ်းဖောက်လုပ်မှု ပျမ်းမျှနှုန်းကို ပြန်လည်တွက်ချက်ရာ (က) တပ်မတော် (နဝတ၊ နယက) အစိုးရများ၏ လမ်းဖောက် လုပ်မှုနှုန်းသည် တစ်နှစ်လျှင် ပျမ်းမျှ ၇၂၀ ဒသမ ၁ ကီလိုမီတာ၊ (ခ) ပြည်ခိုင်ဖြိုး အစိုးရ၏လမ်းဖောက်လုပ်မှုနှုန်းသည် တစ်နှစ် လျှင် ပျမ်းမျှ ၇၂၅ ဒသမ ၆ ကီလိုမီတာ၊ (ဂ) NLD အစိုးရ၏ လမ်းဖောက်လုပ်မှုနှုန်းသည် တစ်နှစ်လျှင် ပျမ်းမျှ ၂၃၃ ဒသမ ၆ ကီလိုမီတာ အသီးသီး ရှိခဲ့ကြောင်းကို တွေ့ရသည် (ဇယား ၃)။ ဆိုလိုသည်မှာ တပ်မတော် အစိုးရများနှင့် ပြည်ခိုင်ဖြိုးအစိုးရခေတ်တို့တွင် နှစ်စဉ်လမ်းဖောက်လုပ်တိုးချဲ့မှုနှုန်းများ သည် NLD အစိုးရခေတ်ထက် ၃၂ ရာခိုင်နှုန်း ခန့်သာသည်။
၄။ ငါးနှစ်တာသက်တမ်းရှိ အစိုးရများကို နှိုင်းယှဉ် ပါက ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်များအကြား နယကအစိုးရသည် ၇၂၇၄ ကီလိုမီတာ၊ ပြည်ခိုင်ဖြိုးအစိုးရသည် ၃၆၂၈ ကီလိုမီတာ၊ NLD အစိုးရသည် ၁၁၆၈ ကီလိုမီတာ အရှည် အသီးသီးရှိသော ကားလမ်းများကို ဖောက်လုပ် တိုးချဲ့နိုင်ခဲ့သည် (ဇယား ၄)။
၅။ ထို့အပြင် နဝတနှင့် နယက အစိုးရခေတ်များတွင် ဖောက်လုပ်သောလမ်းများ အားလုံးနီးပါးသည် လမ်းသစ်များဖြစ်သည်။ ၂၀၁၃ ခုနှစ် မှစ၍ တပ်မတော်အစိုးရခေတ်များတွင် ဖောက်ပြီးသားလမ်းများကို ပြန်ခင်း/အချော ခင်းခြင်းတို့ကို ပိုမိုတွေ့လာသည်။ ဇယား (၁ တွင် ၂၀၁၃ ခုနှစ်မှစ၍ မြေလမ်း/ ကျောက် လမ်းများ (မိုးရာသီတွင် ကားမသွားနိုင်သော လမ်းများ) သည် ကီလိုမီတာလျော့သွား ကြောင်း တွေ့နိုင်သည်။ အကြောင်းမှာ မြေလမ်း/ကျောက်လမ်းများကို ရာသီမရွေးသွားနိုင်သောကားလမ်းများ (ကတ္တရာ/ ကွန်ကရစ်/ မကာဒမ်လမ်းများ) ဖြစ်လာစေရန် ပြန်ခင်းသောကြောင့် မြေလမ်း/ ကျောက်လမ်း များ ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း NLD ခေတ်တွင် ခင်းခဲ့သော ကတ္တရာ/ကွန်ကရစ်/မကာဒမ်လမ်းများအနက် ၂၁ ရာခိုင်နှုန်းခန့်သာ လမ်းသစ်ဖြစ်ကြောင်း ကို တွေ့ရသည်။
နိဂုံး
အထက်ပါသုံးသပ်ချက်များမှ ကောက်နုတ် ချက်သုံးခုကိုတင်ပြလိုပါသည် -
(၁)အနောက်နိုင်ငံများ၏ ရှုတ်ချဝေဖန်မှုများ မှားနေခြင်း
ပထမအနေဖြင့် ယခင်တပ်မတော်အစိုးရများ လက်ထက်၌ လမ်းနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကို အနောက်နိုင်ငံ များက ရှုတ်ချဝေဖန်ခဲ့သော်လည်း ယခုအခါ၌ လမ်းနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ခြင်းသည် ဆင်းရဲသောနိုင်ငံများ အတွက် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု ဗျူဟာ ဖြစ်ကြောင်း နိုင်ငံတကာသုတေသီများက ပြသပြီး ဖြစ်သည်။ ထိုမျှသာမက အနောက်နိုင်ငံများက ယင်းဗျူဟာတွင် တရုတ်ကို အတုယူယှဉ်ပြိုင်ရန် ကြိုးစားနေကြောင်းတွေ့ရသည်။ နေပြည်တော်တည်ဆောက်မှုနှင့်ပတ်သက်၍ ဗြိတိသျှမီဒီယာများ၏ ဘက်လိုက်ဝေဖန်မှုများသည်လည်း ယုတ္တိမရှိ၊ တရားမျှတမှန်ကန်မှုလည်းမရှိကြောင်း ထင်ရှားသည်။ ဆင်းရဲသောနိုင်ငံများ၌ အလုပ်အကိုင်များကို ဖန်တီးပေးမည့် အခြေခံအဆောက်အအုံစီမံကိန်းများကို လိုအပ်သလို ဒုတိယအဆင့်မြို့ (second-tier cities) များ ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေး ရန်လည်း လိုအပ်သည်။ ယခုအခါ နေပြည်တော်သည် အစိုးရမြို့တော်ဖြစ်ရုံသာမက အခြားဒေသများမှ လယ်ယာထွက်ကုန်များအတွက် စျေးကွက် ဆုံမှတ် (Market node) တစ်ခုဖြစ်လာ၍ အခြားဒေသများသို့ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဖြန့်ဖြူး ရေးပြုလုပ်နေသည့်မြို့ဖြစ်ကြောင်းကိုလည်း တွေ့ရသည်။
(၂)မြန်မာများက အနောက်နိုင်ငံများကို လွဲမှားစွာ အထင်ကြီးနေခြင်း
ဒုတိယအနေဖြင့် ဖွံ့ဖြိုးရေးကဏ္ဍ အမြောက်အမြားတွင် အနောက်နိုင်ငံများက ဆင်းရဲသောနိုင်ငံများအား အကြံပေးလမ်းပြနိုင်ရန် အရည်အချင်း မရှိကြောင်းမြန်မာများက သိရှိနားလည်ရန် လိုအပ်သည်။ အနောက်ဘက်အုပ်စုများ၏ ဖွံ့ဖြိုးတိုးတက်မှု မော်ဒယ်လ်ကို မရွေးချယ်ခဲ့သော တရုတ်နှင့် ဗီယက်နမ် အစရှိသည့်နိုင်ငံများသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် အောင်မြင်ရုံသာမက တရုတ်သည် ၂၀၃၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် အမေရိကန်ကိုကျော်တက်၍ ဂျီဒီပီ (ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု) အကြီးဆုံးနိုင်ငံဖြစ်မည် ဟု များစွာသော သုတေသီများက သုံးသပ်ထားသည်။ တစ်နည်းပြောလျှင် ကုန်ထုတ်လုပ်မှုအင်အား၊ ငွေသုံးစွဲနိုင်မှုအင်အားတို့တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့နံပါတ်(၁)ဖြစ်တော့မည်။
(၃)လမ်းများပေါ်တွင် အဟန့်အတားများမရှိရန်လိုအပ်ခြင်း
တတိယအချက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းဖောက်လုပ်တိုးချဲ့ခြင်းသည် မဖြစ်မနေ လိုအပ်သော်လည်း အောက်ပါတို့ကိုလည်း လိုအပ်ပါသည် -
(က) အများပြည်သူအတွက် အန္တရာယ်ကင်းသောလမ်းများဖြစ်ရန်လိုသည်။ နိုင်ငံတော်အနေဖြင့် ခရီးသွားပြည်သူများကို ဘေးအန္တရာယ်သက်ရောက်စေမည့် အနှောင့်အတားများနှင့် အကြမ်းဖက်မှုအားလုံးကို ဖယ်ရှားရှင်းလင်းပစ်ရန်လိုမည်။ ဒေသန္တရခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ သည်လည်း အမှန်စင်စစ် မိမိတို့၏ ကလေးလူငယ်များနှင့် ရပ်ရွာဒေသများကို ဖွံ့ဖြိုးတိုးတက်စေလိုလျှင် နိုင်ငံရေးကွာခြားချက်များ မည်သို့ပင်ရှိစေကာမူ လမ်းများလုံခြုံမှုရှိရန် ပါဝင်ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။
(ခ) လမ်းများတစ်လျှောက် ကုန်စည်များလွတ်လပ်စွာစီးဆင်းနိုင်ရန်လိုသည်။ ယင်းလိုအပ်ချက်အတွက် ကုန်သွယ်မှုနှင့် စျေးကွက်ဝင်ရောက်မှုကို ဟန့်တားနေသောအကြောင်းရင်းများကို ဆန်းစစ်သုံးသပ် ၍ လုပ်သာကိုင်သာရှိသည့် ဝန်းကျင်တစ်ရပ်(enabling environment for business)[အညွှန်း ၁၂] ကို အလျင်အမြန် ဖန်တီးပေးရန်လိုအပ်ပါမည်။ ။
အညွှန်းများ
၁။ BBC. 2016. Laos: Barack Obama regrets ‘biggest bombing in history’. 7 September 2016 https://www.bbc.com/news/world-asia-37286520 Win Without War. 2021. Secret War, Forgotten War: The U.S. Bombing of Laos https://winwithoutwar.org/secret-war-forgotten-war-the-u-s-bombing-of-laos/
၂။ Green Finance and Development Center, Fudan University, Shanghai. 2022. https://greenfdc.org/countries-of-the-belt-and-road-initiative-bri/?cookie-state-change = 1677665690282
၃။ Kennard & Provos. 2015. Burma’s bizarre capital: a super-sized slice of post-apocalypse suburbia. https://www.theguardian.com/cities/2015/mar/19/burmas-capital-naypyidaw-post-apocalypse-suburbia-highways-wifi
၄။ “7 Percentage Points” ဟူသည်မှာ ၇ ရာခိုင်နှုန်းကို ဆိုလိုသည်မဟုတ်။ ၃၃ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားသော ဂဏန်း ၇ လုံးကို ဆိုလိုသည်။
၅။ Bluhm et al. 2020. Connective Financing: Chinese Infrastructure Projects and the Diffusion of Economic Activity in Developing Countries. https://papers.ssrn.com/sol3/papers.cfm?abstract_id=3623679
၆။ Henderson et al. 2016. The Global Spatial Distribution of Economic Activity: Nature, History, and the Role of Trade. https://www.nber.org/system/files/working_papers/w22145/w22145.pdf
၇။ McBride et al. 2023. China’s Massive Belt and Road Initiative https://www.cfr.org/backgrounder/chinas-massive-belt-and-road-initiative
၈။ Losos & Fetter. 2022. Building Bridges? PGII versus BRI. https://www.brookings.edu/blog/future-development/2022/09/29/building-bridges-pgii-versus-bri/
၉။ Bataineh et al. 2018. Beijing’s Building Boom: How the West Surrendered Global Infrastructure Development to China. https://www.foreignaffairs.com/china/beijings-building-boom
၁၀။ Fukuyama. 2018. China’s infrastructure investment as a development strategy. In: https://gpsnews.ucsd.edu/chinas-infrastructure-investment-as-a-development-strategy/
၁၁။ Harper. 2019. The Chinese model in Africa and its wider challenge. https://theasiadialogue.com/2019/08/27/the-chinese-model-in-africa-and-its-wider-challenge/
၁၂။ World Bank. 2019. https://archive.doingbusiness.org/en/rankings?region=east-asia-and-pacific