မန်းရွှေစက်တော် အရောက်သွားလို့ ဆင်စခန်းမှာ တစ်ထောက်နားစို့

 

 

မောင်မောင်(မင်းဘူး)

 

အညာဒေသ၏ နွေပွဲတော် မင်းဘူး (စကု) မြို့နယ်က မန်းရွှေစက်တော်သို့ ဘုရားဖူး သွားရောက်လည်ပတ်ရင်း သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသည့် အလှတရားများကို ကြည့်ရှုခံစားနိုင်စေရန် ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းသို့ ဝင်ရောက် အပန်းဖြေနိုင်ပါသည်။

 

မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ တန်ခိုးကြီးသမိုင်းဝင် အထင်ကရဘုရားများ စာရင်း (က-အဆင့် စာရင်းဝင်ဘုရား) တွင်ပါဝင်ပြီး မြတ်ဗုဒ္ဓ၏ ပါဒစေတီတော်နှစ်ဆူ (ခြေတော်ရာအစစ်) တည်ရှိတော်မူသော ရှေးဟောင်းသမိုင်းဝင် သာသနာ့နယ်မြေ တစ်ခုလည်းဖြစ်သည်။ မန်းရွှေ စက်တော်ရာ  ပါဒစေတီတော်  ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်လေ့ရှိသည်။

 

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်ရှိ “မန်းရွှေစက်တော် ဘုရားပွဲတော်နှင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်ထိုမြို့ရှိ “ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်  ဘုရားပွဲတော်တို့မှာ ဘုရားပွဲတော်ကျင်းပစဉ်ကာလတစ်လျှောက် ဇာတ် ပွဲနှင့်  အငြိမ့်ပွဲများပါဝင်ခြင်းမရှိဘဲ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် နှစ်စဉ် ပုံမှန် စည်ကားများပြားခြင်းမှာ ထူးခြားသောအချက်ပင် ဖြစ်သည်။

 

မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးသည် မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားပြီး အရှည်ကြာဆုံးသော ပွဲတော်ကြီးတစ်ခုဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ ပြည်သူများသာမက ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွားများကပါ စိတ်ဝင်တစားဖြင့် လာရောက်လည်ပတ်လေ့ရှိသော အထင်ကရနေရာတစ်ခုလည်း ဖြစ်သည်။ မန်းရွှေစက်တော်ဘုရားပွဲတော် ကာလအတွင်း ဘုရားဖူး လာရောက်ကြသူများ ညအိပ်တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများကိုလည်း ဆောက်လုပ်ပေးထားသည်။

 

ထို့အပြင် ဘုရားဖူးများက မြတ်ဗုဒ္ဓ၏ သာသနာတော်ထွန်းကားရာ နေရာတစ်ခုဖြစ်သည့် မန်းရွှေစက်တော်သို့ ဘုရားပွဲတော်အချိန်သာမက တစ်ဆယ့်နှစ်လရာသီလုံး ဘုရားဖူးလာရောက် လည်ပတ်လေ့ရှိကြသည်။ ပွဲတော်ကာလတွင် ဘုရားကြီး၌ ညအိပ်တည်းခိုနိုင်သလို ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းတွင်လည်း နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ရာသီမရွေးလာရောက် လည်ပတ်ရင်း တည်းခိုဆောင်များ၌ ညအိပ်တည်းခို ပြီး အပန်းဖြေအနားယူနိုင်သည်။

 

မန်းရွှေစက်တော်ဘုရားကြီးကို အမှီပြု၍ မကွေးတိုင်းဒေသကြီးအတွင်း အများပြည်သူနှင့် ကမ္ဘာလှည့် ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် အပန်းဖြေစခန်းတစ်ခု ပေါ်ထွန်းလာစေရန် ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း တစ်ခုကို ဖွင့်လှစ်ထားသည်။

 

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း အပါအဝင် မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွား လုပ်ငန်း (Elephant Conservation Based Tourism-ECBT) စခန်း ၂၂ ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

ဆင်စခန်းဖြစ်ပေါ်လာပုံနှင့် တည်နေရာ

 

ရွှေစက်တော်မန်းချောင်းအပန်းဖြေ ဆင်စခန်းကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး (စကု) မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးအနီး မန်းရွှေစက်တော်သို့သွားရာ (၈)မိုင် လမ်းဘေး ပဒေါင်း - ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစို သာယာလှပသော သဘာဝရှုခင်းအလှများကို အခြေခံ၍ မကွေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း မင်းဘူး သစ်ထုတ်ရေးဒေသ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်းမှ ပြည်တွင်း ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားသည်။

 

အပန်းဖြေဆင်စခန်းဖွင့်လှစ်ရန် မြန်မာ့သစ် လုပ်ငန်းမှ ခွင့်ပြုရန်ပုံငွေအပြင် မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ အထောက်အပံ့အစီအစဉ်များဖြင့် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ဆင်စခန်း၏ ဧရိယာအကျယ်အဝန်းမှာ ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောမှ ဧက ၅၀၊ မြေလွတ် မြေရိုင်းမှ ဧက ၉၀ စုစုပေါင်း ဧက ၁၄၀ ကျယ်ဝန်းပြီး ဆင်စာစားကျက်မြေမှာ ကြိုးပြင် ကာကွယ်တောအတွင်း၌ ဧက ၇၀၀ ကျယ်ဝန်းကြောင်း သိရသည်။

 

ရွှေစက်တော်မန်းချောင်းအပန်းဖြေ ဆင်စခန်း ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် ဆင်စခန်း ဖွင့်လှစ်ခဲ့သည်မှာ လေးနှစ်တိုင်တိုင် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။

 

ဝန်ဆောင်မှုလုပ်ငန်းများ

 

ဆင်စခန်း၏ ဝန်ဆောင်မှုလုပ်ငန်းများမှာ ဆင်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြသခြင်း၊ ဆင်စီး၍ တောတောင်ရေမြေနှင့် သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်ခြင်း၊ ဆင်စာဘူဖေးကျွေးမွေးနိုင်ခြင်း၊ ဆင်ရေချမှု (ဆင်ရေချိုးခြင်း)ကို ကြည့်ရှုလေ့လာနိုင်ပြီး ဆင်ဦးစီးများနှင့်အတူ ကိုယ်တိုင်ရေချ (ရေချိုး)ပေးနိုင်ခြင်း၊ ဆင်အလှပြသမှုကို ကြည့်ရှုနိုင်ခြင်း၊ မန်းချောင်းအတွင်း ရေချိုး၊ ရေကစားနိုင်ခြင်း၊ ဆင်များနှင့်အတူ အမှတ်တရ မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများရိုက်ကူးနိုင်ခြင်း၊ ကလေးကစားကွင်းများတွင် ပျော်ရွှင်စွာ ဆော့ကစားနိုင်ခြင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ခြင်း၊ အစားအသောက်များ မှာယူစားသုံးနိုင်ခြင်း၊ နားနေ ဆောင်များတွင် အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ခြင်းနှင့် တည်းခိုဆောင်များတွင် ညအိပ်တည်းခို နိုင်ခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို စီစဉ် ဆောင်ရွက်ထားသည်။

 

ယခုနှစ်တွင် ထူးထူးခြားခြား အစီအစဉ် တစ်ရပ်အနေဖြင့် ဆင်စခန်းသို့ လာရောက်သည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ စိတ် အပန်းတော်ပြေစေရန် ဆင်စခန်းရှိ ဆင်လိမ္မာကလေးများက ထူးခြားသောအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေသည့် ဆင်သရုပ်ပြခြင်းနှင့် ဆင်အကအလှပြပွဲကို ထည့်သွင်းဆောင်ရွက်နိုင်ခဲ့သည်။

 

ဆင်သရုပ်ပြခြင်း အစီအစဉ်များတွင် ဆင်လိမ္မာကလေးက ကြိုဆိုနှုတ်ခွန်းဆက်သ၍ ဦးချခြင်း၊ ပန်းခြင်းလက်ဆောင်ပေးခြင်း၊ အလံတင် အလေးပြုပြခြင်း၊ ဦးထုပ်ဆောင်းပေးခြင်း၊ ပုသိမ် ထီးဆောင်း၍ သစ်တုံးများပေါ်တွင် လမ်းလျှောက် ပြခြင်း၊ သစ်တုံးပေါ်၌ ကိုယ်ဟန်ခြေလက်တို့ဖြင့် ယိမ်းနွဲ့ကပြခြင်း၊ ဘောလုံးကိုင်၊ ဘောလုံးကန်နှင့် ဘောလုံးပစ်ပေါက်၍ ကစားပြခြင်း၊ အာလူး ကောက်ကစားပြခြင်း၊ Music တူရိယာများ တီးမှုတ် ပြခြင်း၊ အမှိုက်များကို စနစ်တကျခွဲခြားပြီး စွန့်ပစ် ပြခြင်း၊ Reduce (လျှော့ချခြင်း)၊ Reuse (ပြန်လည် အသုံးချခြင်း)၊ Recycle (ပြန်လည်ပြုပြင်သုံးစွဲခြင်း) စသော အမှိုက်ပစ္စည်းများကို ဆင်ကလေးများက ၎င်းတို့၏ မှတ်ဉာဏ်ဖြင့် ခွဲခြားပြသခြင်းများအပြင် မြန်မာ့သစ်လုပ်ငန်း၏ အဓိကလုပ်ငန်းတာဝန် တစ်ခုဖြစ်သော ဆင်များဖြင့် သစ်ဆွဲပြသခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုခံယူခြင်း စသည့် သရုပ်ပြ ခြင်းအစီအစဉ်ပေါင်းများစွာပါဝင်သည်။

 

ထို့အပြင် ဘုရားပွဲတော်ကာလတစ်လျှောက် ခရီးသွားကဏ္ဍ မြှင့်တင်ဆောင်ရွက်သည့်အနေ ဖြင့် သဘာဝတောတောင် ရေမြေအလှတရားများကို မန်းချောင်းအတွင်း လှေလှော်ရင်း ကြည့်ရှုခံစားနိုင် ရန် မန်းရွှေစက်တော်ဘုရားအဝင် လှေတင်တံတားထိပ်မှ ဆင်စခန်းအထိ ရေမိုင်နှစ်မိုင်ခန့်ကို အပျော်စီးလှေများဖြင့် လှေလှော်ရင်း သွားရောက် လည်ပတ်လေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ထား ကြောင်းလည်း သိရသည်။

 

mdn

 

လာရောက်လည်ပတ်လေ့လာရင်း အပန်းဖြေအနားယူနိုင်

 

ရွှေစက်တော်မန်းချောင်းအပန်းဖြေ ဆင်စခန်းတွင်ထူးခြားချက်မှာ ကျယ်ဝန်းလှသည့် သဘာဝ တောတောင်ရေမြေနှင့် မန်းချောင်းအလှကို ဆင်စီး အပန်းဖြေရင်း ကြည့်ရှုရသည့် စိတ်ခံစားချက်က ဆင်ချစ်သူများအတွက် ဆွဲဆောင်နိုင်ဆုံးအချက် ဖြစ်သလို မန်းချောင်းအတွင်း၌ ဆင်ရေချချိန် (ဆင်ရေချိုးချိန်) ဆင်များနှင့်အတူ ရေချိုးရင်း ဆော့ကစားအပန်းဖြေနိုင်ခြင်း၊ ဆင်များနှင့်အတူ တောထဲ၌နေထိုင်ကြသည့် ဆင်ထိန်းကျောင်းသူ (ဆင်ဦးစီး) ဆင်ဝန်ထမ်းများ၏ လက်တွေ့ဘဝ အကြောင်းကို စိတ်ဝင်စားသူများအနေဖြင့် လေ့လာနိုင်ခြင်း၊ ဆင်များကို တောထဲ၌ သဘာဝအတိုင်း လွှတ်ကျောင်းထားသည့်အချိန် ဆင်များ၏ ဓလေ့စရိုက်များကို လာရောက်လေ့လာနိုင်ခြင်း စသည့် ပိုမိုထူးခြားသည့်အချက်များကို လေ့လာနိုင်သည်။

 

ဘုရားပွဲတော်ကာလတွင် ဆင်လိမ္မာကလေး များနှင့်အတူ ဧည့်ခံကပြဖျော်ဖြေတင်ဆက်မှုများ ဆောင်ရွက်နိုင်စေရန်အတွက် ဆင်ဦးစီး၊ ဆင်ထိန်း များနှင့် ဆင်ဝန်ထမ်းများက ပုံစံမျိုးစုံဖြင့် လေ့ကျင့် သင်ကြားမှုများကို အမြဲမပြတ်ဆောင်ရွက်နေပြီး သစ်ပင်၊ ပန်းအလှပင်များနှင့် အရိပ်ရပင်များကိုလည်း တိုးချဲ့စိုက်ပျိုးထားကာ ဆင်စခန်းကို လာရောက် ချင်စဖွယ်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားသည်။

 

ရွှေစက်တော်မန်းချောင်းအပန်းဖြေ ဆင်စခန်းတွင် ဆင်ထီးလေးကောင်၊ ဆင်မရှစ်ကောင် စုစုပေါင်း ၁၂ ကောင်ရှိပြီး ဆင်ထီးထဲတွင် မကြာသေးခင်ကမှ ပေါက်ဖွားခဲ့သော ဆင်ထီး ကလေး ဟိန်းလပြည့်အောင်လည်း ပါဝင်သည်။ ဆင်ပေါက်ကလေး ဟိန်းလပြည့်အောင်ကို နာမည် ပေး ကင်ပွန်းတပ်မင်္ဂလာအခမ်းအနားကိုလည်း ဆင်စခန်းဖွင့်ပွဲ လေးနှစ်ပြည့်အထိမ်းအမှတ်နေ့တွင် ဆောင်ရွက်ခဲ့သည်။ ဆင်စခန်းရှိ ဆင်များအားလုံးမှာ သူ့နာမည်နှင့်သူ ကိုယ်စီရှိကြပြီး လွန်စွာလိမ္မာ ကြကာ ဆင်ဦးစီးများ၏ ဆုံးမသွန်သင်မှု (အမိန့်)များကို နာခံတတ်ကြသည်။

 

ဆင်စခန်းကို ဖွင့်လှစ်ချိန်မှာ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ထားကာ ဆင်အလှပြမှုအစီအစဉ်ကို နေ့စဉ်နံနက် ၁၀ နာရီတွင် ထည့်သွင်း ဆောင်ရွက်ပေးထားကြောင်း၊ ဆင်စခန်းသို့ လာရောက်သူများကို ပြည်တွင်းခရီးသွား တစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ငွေကျပ် ၁၀၀၀ နှင့် ခရီးတိုဆင်စီးခ ငွေကျပ် ၅၀၀၀ နှုန်း၊ ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁၀၀၀၀ နှင့် ခရီးတို ဆင်စီးခ ငွေကျပ် ၁၀၀၀၀ နှုန်း၊ တည်းခိုဆောင်အနေဖြင့် ဘန်ဂလို ၁၁ လုံးရှိပြီး တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ငွေကျပ် ၃၀၀၀၀ နှုန်း သတ်မှတ်ထားကြောင်း သိရသည်။ ထို့အပြင် ဆင်စခန်း၌ ယခင်က ဘန်ဂလို ခြေတံရှည်တည်းခို ဆောင် ၁၁ လုံးကို မြေစိုက်ကွန်ကရစ်အုတ်ခံ တည်းခိုနားနေဆောင်အဖြစ် အဆင့်မြှင့်တင်ကာ ပြောင်းလဲ ဆောင်ရွက်ထားပြီး ရှင်းလင်းဆောင်အပါအဝင် VIP ရိပ်သာ နှစ်ခန်းကိုလည်း ထည့်သွင်း ဆောက်လုပ်ထားသည်။ VIP ရိပ်သာကိုမူ VIP လူကြီးများ ညအိပ်တည်းခိုခြင်းမရှိသည့် ညများတွင် တတ်နိုင်သည့် အထူးဧည့်သည်များအနေဖြင့် တစ်ညလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ငှားရမ်း တည်းခိုနိုင်သည်။

 

တည်းခိုဆောင်များတွင် ငှားရမ်းနေထိုင်ကြသူများအတွက် အစားအသောက်ကို စားသောက်ဆိုင်တွင် ဝယ်ယူစားသုံးနိုင်သကဲ့သို့(ဆင်ဦးစီး) ဆင်ထိန်း ဝန်ထမ်းများ၏ အမျိုးသမီးများက လာရောက်သည့် ဧည့်သည်များ စားချင်သည့်အစားအသောက်နှင့် တောထဲတွင် အလွယ်တကူရရှိနိုင်သည့် အစား အသောက်များကို ဝယ်ယူပြီး ချက်ပြုတ်ကျွေးမွေးကြောင်းလည်း သိရသည်။ ဥပမာ - ဗမာကြက် သောက်ဆန်း၊ ကြက်ကြော်၊ ကြက်ဘူး၊ ကြက်ခွေးတောက်၊ ကြက်ကာလသားချက်၊ ကြက်တောချက်၊ မန်းချောင်းငါးကြွပ်ကြွပ်ကြော်၊ ငရုတ်သီးငါးပိချက်နှင့် တောထဲတွင် သဘာဝအတိုင်းရရှိသည့် သစ်ဥ သစ်ဖု၊ အသီးအရွက်၊ မျှစ်နှင့် ငါးပိရည်၊ တို့စရာ စသည့်ရိုးရှင်းလှသည့် ဟင်းလျာများကိုလည်း မိမိတို့စိတ်ကြိုက် ချက်ပြုတ်ခိုင်းပြီး ဝယ်ယူစားသုံး နိုင်သည်။ ဘုရားဖူးလာရောက်လည်ပတ်ကြသူ များက မန်းရွှေစက်တော်နှင့် ဆင်စခန်းသို့ရောက် လျှင် “ဖာလာချဉ်ပေါင်သုပ် ဟင်းလျာကို မဖြစ် မနေစားသုံးကြသလို ဒေသမှ နာမည်ကြီးသည့် အသုပ်ဟင်းလျာတစ်ခွက်လည်းဖြစ်သည်။

 

ဆင်စာဘူဖေးလည်းကျွေးနိုင်

 

ဆင်ချစ်သူများအနေဖြင့် ဆင်စခန်းရောက်ရှိချိန်တွင် အလှူအတန်းပြုလုပ်လိုလျှင် ကိုယ်တိုင် ဆင်စာဘူဖေးလည်း လှူဒါန်းကျွေးမွေးနိုင်သည်။ ဆင်စာဘူဖေး လှူဒါန်းကျွေးမွေးမည်ဆိုလျှင် ငွေကျပ် ၃၀၀၀၀ မှစတင်ပြီး ငွေကျပ် ၅၀၀၀၀၊ ငွေကျပ် ၁၀၀၀၀၀ နှုန်းဆိုပြီးသတ်မှတ်ထားကာ မိမိတို့တတ်နိုင်သောနှုန်းထားများဖြင့် ကျွေးမွေး နိုင်သလို အွန်လိုင်းမှလည်း ဆက်သွယ်လှူဒါန်းနိုင် သည်။ ဆင်စာအဖြစ် ကြံ၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ နာနတ်သီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီးနှင့် နေဗီယာ မြက် စသည်တို့ကို ဝယ်ယူကျွေးမွေးရပြီး အဓိက ဖြည့်စွက်စာအဖြစ် ဆေး၊ စပါးနှင့် မန်ကျည်းနှစ် များကိုလည်း ကျွေးမွေးရကြောင်း သိရသည်။

 

ရွှေစက်တော်မန်းချောင်းအပန်းဖြေ ဆင်စခန်းတွင် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ဧည့်သည်ဝင်ရောက်မှု လာရောက် လည်ပတ်သူဦးရေ ၉၅၅၃ ဦး၊ ဆင်စီးသူဦးရေ ၇၅၈ ဦး၊ တည်းခိုဆောင်ငှားရမ်းမှု ၁၆၉ ခန်းနှင့် ဆင်စာ ဘူဖေးကျေးမွေးသူ ၂၁ ဦးရှိကြောင်း ဆင်စခန်း မှတ်တမ်းများအရ သိရသည်။

 

အနာဂတ်အစီအစဉ်အနေဖြင့် ဆင်စခန်း အနီးပတ်ဝန်းကျင်တွင် ဒေသတွင်းရှိ ဇီဝငှက်မျိုးစုံ၊ တိရစ္ဆာန်မျိုးစုံ၊ ပန်းပေါင်းစုံနှင့် သစ်ပင်မျိုးစုံ၊ ဆင်ပြတိုက်တို့ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း၌ ယခုထက် ပိုမိုလာရောက်ချင်စဖွယ်ကောင်းသော အပန်းဖြေနေရာတစ်ခုဖြစ်အောင် အဆင့်မြှင့်တင်၍ ဖန်တီးဆောင်ရွက်သွားမည်ဖြစ်ပြီး ဆင်စာအခက် အခဲ မဖြစ်ပေါ်စေရေးအတွက်ကိုလည်း နေဗီယာ မြက်များနှင့် ဆင်စာများကို စိုက်ဧကတိုးချဲ့ပြီး စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း၊ ပြည်ပ ဆင်ချစ်သူများနှင့် ရွှေစက် တော်မန်းချောင်းအပန်းဖြေဆင်စခန်းသို့ လာရောက် လည်ပတ် လေ့လာလိုသူများအနေဖြင့် သဘာဝတောတောင်နှင့် ရေမြေအလှတရားများကို ကြည့်ရှု ခံစားရင်း ဆင်ကလေးများ၏ ချစ်စရာဟန်ပန် အမူအရာ၊ စရိုက်လက္ခဏာ အသွင်အပြင်နှင့် ဆင်ဦးစီး၊ ဆင်ထိန်း၊ ဆင်ဝန်ထမ်းတို့၏ လက်တွေ့ဘဝတွင် လုပ်ငန်းဆောင်ရွက်ရမှု အခြေအနေများ ကို လာရောက်လေ့လာနိုင်စေရန်နှင့် ခရီးသွားကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ဖိတ်ခေါ်ရင်း ရေးသားတင်ဆက်လိုက်ရပါတော့သည်။