မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်နေသော ဓာတ်လှေကားတာဝါ မကြာမီရက်ပိုင်းအတွင်း စမ်းသပ်အသုံးပြုနိုင်တော့မည်

မင်းဘူး    ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓါတ်လှေကားတာဝါအတွင်း၌ ဓာတ်လှေကားအိမ်ကို တပ်ဆင်ဆောင်ရွက်နေပြီး မကြာမီရက်ပိုင်းအတွင်း စတင်စမ်းသပ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဓါတ်လှေကားဆောက် လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။

ဓါတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇွန် ၂၉ ရက်မှ စတင်ကာ Phase-1 နှင့် Phase-2 ဟူ၍ နှစ်ပိုင်းခွဲဆောင်ရွက်ခဲ့ပြီး ယခုအခါ ဓာတ်လှေကား အဆောက်အဦတည်ဆောက်ရေး Phase-1 အပိုင်းမှာ အချောသတ်ဆေးသုတ်ခြင်း၊ ဉာဏ်းဖြုတ်ခြင်း၊ ဓါတ်လှေကားပတ်လမ်းနှင့် ကားပါကင် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများသာ ကျန်ရှိတော့ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းအားလုံး ၉၅ ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီး ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အပြီးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောသည်။

ဓါတ်လှေကားတာဝါတည်ဆောက်ရေး Phase-2 အပိုင်းတွင် ဓာတ်လှေကားအိမ်တပ်ဆင်ရန် ကားဖရိန်နှင့် ကောင်တာဝိတ်ဖရိန် တပ်ဆင်ခြင်းများကို ဇန်နဝါရီ ၁၆ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး မှာယူထားသော စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစားနှင့် ဆက်စပ်ပစ္စည်းများမှာ ယခုလ ၂၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း၊ ဓာတ်လှေကားအိမ်ဆင်ရန် ၆ မီလီမီတာ စတီးကြိုး တစ်ဖက်လျှင် ၇ ကြိုးဖြင့် စုစုပေါင်း ၁၄ ကြိုးတပ်ဆင်ထားပြီး ယခုလကုန်တွင် အပြီးတပ်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဓါတ်လှေကား စတင်အသုံးပြု စမ်းသပ်မောင်းနှင်ခြင်း (EI စစ်ဆေးခြင်း) များကို ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဓာတ်လှေကားတပ်ဆင်ရေး AGT ကုမ္ပဏီမှ တာဝန်ခံ Assistant Chief Engineer ဦးသိန်းဝင်းအောင်က ပြောသည်။

မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို Phase-1 အပိုင်းအဖြစ် နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ  x အကျယ် ၁၂ ပေ)ရှိပြီး ဘုရားကြီးဘဏ္ဍာငွေမှ ခွင့်ပြုငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် တည်ဆောက်လျက်ရှိသည်။ ဓာတ်လှေကား Phase-2 အပိုင်းကို AGT ကုမ္ပဏီက စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်းကို ခွင့်ပြုငွေကျပ်သိန်းပေါင်း (၂၃၀၀)ခန့်ဖြင့် မှာယူကာ အတက်နှင့် အဆင်းဟူ၍ ယခုလ ၂၃ ရက်က စတင်တပ်ဆင်ဆောင်ရွက်နေပြီး မကြာမီရက်ပိုင်းအတွင်း စတင်စမ်းသပ် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

ဓာတ်လှေကား တည်ဆောက်နိုင်ခဲ့သည်အတွက် သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအပြင် ဘုရားဖူမိဘပြည်သူများအနေဖြင့် အလွယ်တကူ တက်ရောက်ဖူးမြော်နိုင်တော့ မည်ဖြစ်ကြောင်း၊ ဓာတ်လှေကားတစ်စင်းကို လူ(၂၀)နှုန်းဖြင့် စုစုပေါင်း လူ(၄၀) လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ဓါတ်လှေကား တည်ဆောက်ရေးလုပ်ငန်းအားလုံး ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အပြီးဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)