မန်းရွှေစက်တော်ဘုရားပွဲတော် ကာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော ထိခိုက်ပျက်စီးမှုများ မရှိစေရေး အနီးကပ် ကြပ်မတ်ဆောင်ရွက်

ငဖဲ ၄ ဇန်နဝါရီ

 

မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ နီးကပ်လာသည်နှင့်အမျှ ယခုအခါ မန်းစက်ရွှေစက်တော်တွင် အဆောက်အအုံများ ဆောက်လုပ်လျက်ရှိရာ အချိန်အခါလွန် မိုးများရွာသွန်းမှုကြောင့် ရွှေစက်တော်တွင် သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သော ထိခိုက်ပျက်စီးမှုများ မရှိစေရေး မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် အခြေပြု၍ အနီးကပ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆောင်းတွင်းရာသီကာလ မုန်တိုင်းမိုးရွာသွန်းခဲ့မှုကြောင့် မန်းရွှေစက်တော်ရာ၏ အထက်ဘက် ငဖဲမြို့နယ်တွင် ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ မိုးရေချိန် ၃ ဒသမ ၈၇ လက်မ ရွာသွန်းခဲ့၍ မန်းချောင်းရေလှောင်တမံတွင် ပင်မရေပိုလွှဲမှ ရေကျော်ရန် သုည ဒသမ ၄၀ ပေသာ လိုကြောင်း၊ ဇန်နဝါရီလ ၃ရက် ညနေပိုင်းအထိ မိုးတိမ်များအုံ့ဆိုင်းကာ မိုးရွာသွန်းနေသည့်အတွက် ၂၄ နာရီ ရေကင်းများချထားပြီး  ဆည်တမံအောက်ပိုင်းတွင်ရှိသည့် ငဖဲမြို့နှင့် ကျေးရွာများ၊ မန်းရွှေစက်တော်ရာ ဂေါပကအဖွဲ့များနှင့် နေ့စဉ်ဆက်သွယ် သတင်းပေးပို့လျက်ရှိကြောင်း၊ မန်းချောင်းတစ်လျှောက် ပြည်သူများနှင့် တောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း မန်းချောင်းရေလှောင်တမံ ထိန်းသိမ်းရေးတာဝန်ခံ ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

လက်ရှိအနေအထားအရ  မန်းတမံရေပိုလွှဲမှ ဆည်ရေလျှံခြင်း မရှိသေးသည့်အတွက် စိုးရိမ်ရမှုမရှိကြောင်း၊ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားပြီ ဖြစ်သည့်အပြင် တမံနှင့်ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်မှုကောင်းမွန်သည့်အတွက် စိုးရိမ်စရာမရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်ဟု တိုင်းပြန်/ဆက် ဦးစီးဌာနမှ သတင်းပေးပို့ချက်အရ သိရှိရသည်။

 

MDN