မန်းရေနံမြေဒေသခံတောင်သူများအတွက် ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်စိုက်ပျိုးနည်း သင်တန်း ဖွင့်လှစ်ပို့ချ

မင်းဘူး ၃၁   ဇူလိုင်

မန်းရေနံမြေ ဒေသခံတောင်သူများအတွက် ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်စိုက်ပျိုးနည်း သင်တန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် MPRL E&P က  နယ်သာလန်နိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် စိုက်ပျိုးရေးနည်းပညာ အကူအညီများ ပံ့ပိုးလျက်ရှိသော East - West Seed နှင့် ပူးပေါင်း၍   ဇူလိုင် (၂၉) ရက်နှင့် (၃၀) ရက်တို့တွင် မန်းရေနံမြေတွင် ပို့ချခဲ့သည်၊

အဆိုပါ သင်တန်းသည် မန်းရေနံမြေ ဒေသခံများအနေဖြင့် မိရိုးဖလာစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် ခရမ်းချဉ်နှင့် ငရုတ်စိုက်ပျိုးနည်းများကို ခေတ်မီစိုက်ပျိုးနည်း စနစ်များအသုံးပြု၍ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရန် နှင့် ဈေးကွက်ပိုမိုရရှိနိုင်ရန် ရည်ရွယ်၍  ပို့ချခြင်းဖြစ်သည်။

ဓာတုဆေးဝါးကင်းလွတ်သည့် ဒေသထွက် ဟင်းသီးဟင်းရွက်များ တိုးတက်စိုုက်ပျိုး ထုတ်လုပ်နိုင်ရန်  မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနည်း၊ ပိုးမွှားနှင့်ရောဂါကျ ရောက်နိုင်မှုအခြေအနေ၊ စိုက်ပျိုးမြေပေါင် ပြုလုပ်နည်း၊ ပျိုးခင်းထားသိုနည်း၊ ပလပ်စတစ်အုပ်ဆိုင်းနည်းနှင့် ရေလောင်း၊ ရေသွင်းနည်း တို့ကို East - West Seed မှ သင်တန်းမှူးများက ဒေသခံ တောင်သူများကို လက်တွေ ့ လေ့ကျင့်သရုပ်ပြခြင်းဖြင့် သင်ကြားပို ့ချခဲ့သည်။

နှစ်ရက်တာ သင်တန်းကို ခရမ်းချဉ်နှင့် ငရုတ်သီးနှံ စိုက်ပျိုးနည်းသစ်များဖြင့် စနစ်တကျ ရေရှည်စိုက်ပျိုုးထုတ်လုပ်လိုသည့် ဒေသခံတောင်သူ ၄၁ ဦး တက်ရောက်ခဲ့သည်၊

ထို့ပြင် East - West Seed သည် ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်စိုက်ပျိုုးနည်း စနစ်သစ်များဖြင့်  စိုက်ပျိုးထုတ်လုပ်မှုကို  စိတ်ဝင်စားသည့် တောင်သူ ၄ ဦးကို ရွေးချယ်၍ အခြားတောင်သူများ လေ့လာနိုင်မည့် စံပြစိုက်ကွက်များအဖြစ် စိုက်ပျိုးပြ သနိုင်ရန် အနီးကပ် အကူအညီများ ဆက်လက် ပံ့ပိုးသွားမည် ဖြစ်သည်။

MPRL E&P သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မန်းရေနံမြေ ဒေသခံများအတွက် သက်မွေးပညာသင်တန်း အစီအစဉ်များကို အရှိန်မြှင့်တင် ဖွင့်လှစ်ပို့ချလျက်ရှိပြီး ယခုနှစ် ဇူလိုင်လအတွင်း ဒေသခံ အမျိုးသမီးအစုအဖွဲ့များအတွက် အသင့်စား စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း၊ သက်မွေးပညာ သင်တန်းသား ဟောင်းများအတွက် အသေးစားနှင့် အလတ်စားစီးပွားရေး စီမံခန့်ခွဲမှုသင်တန်းနှင့် ဒေသခံစိုက်ပျိုးတောင်သူများအတွက် ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်စိုက်ပျိုးနည်း သင်တန်းတို့ကို ပို့ချခဲ့ပြီးဖြစ်ကာ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၇၆) ဦး တက်ရောက် သင်ကြားခဲ့ပြီး ဖြစ်သည်။

( သတင်းစဉ် )

mdn