မွန်တိုင်းရင်းသားတို့၏ မွန်အမျိုးသားနေ့

ရာမည-သွေးမွန်

လူမျိုးဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရပါက သုခ ဒုက္ခ အတူမျှဝေခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ကာ နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်သည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားလေးစားရမည် ဖြစ်သော်လည်း စင်စစ် အေးအတူ၊ ပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာ ဆန္ဒအာသီသ အပေါ်တွင် ဝံသာနုရက္ခိတတရားသည် ကြံ့ခိုင်တည်မြဲနေပေမည်။ (ဤသည်မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၂၁-၁-၄၆ ရွှေတိဂုံ အလယ်ပစ္စယံ ဖဆပလ ညီလာခံတွင် ပြောကြားခဲ့သော စကားဖြစ်သည်။)

လဆုတ်ပက္ခ၌တည်သော လဝန်းနှယ်

အမှန်ကိုဆိုရသော် အမျိုးဇာတိသွေး၊ အမျိုးဇာတိဝိညာဉ် မရှိသောသူတို့သည် လွန်စွာ အမြော်အမြင် ကင်းမဲ့ရာကျပေလိမ့်မည်။ ရှေးအတိတ်အခါက မိမိအမျိုး ဇာတိ၏အကြောင်းကို ကောင်းစွာမသိ၊ မဆင်ခြင်နိုင်၊ ယခုလက်ရှိ ပစ္စုပ္ပန် တစ်ခေတ်တစ်ခါမျှဖြင့်သာ တင်းတိမ် ရောင့်ရဲလျက် မူးဝေနစ်မြောသောသူတို့ မှာ လူဖြစ်ရှုံးကြကုန်သည်။ မိမိကိုယ်ကို ဆဲရေး၊ မိမိ မိဘဘိုးဘွားကိုလည်း ပုတ်ခတ်၊ ဇာတိသွေး၊ ဇာတိဝိညာဉ်မရှိသောသူများ များပြားခဲ့ပါလျှင် ထိုသူတို့၏ အမျိုးအနွယ်ဝင်များသည် ကြီးပွားထွန်းကားလာနိုင်ခြင်းမဲ့ကာ လဆုတ် ပက္ခ၌တည်သော လဝန်းနှယ် တစ်နေ့တခြား လျော့ပါးဆုတ်ယုတ်ရမည်သာ အမှန်ဖြစ်တော့သည်။

မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ယနေ့တွေ့ရှိရသည့် တိုင်းရင်းသား လူမျိုးစုများအနက် မွန်လူမျိုးသည် ရှေးအကျဆုံးဖြစ်သည်။ အမျိုးအနွယ်အားဖြင့် မွန်လူမျိုးသည် မွန်ဂိုလွိုက် အနွယ်ဝင်ဖြစ်သော ဗမာနှင့် အနွယ်တူ ကြသည်။ သို့သော် ဘာသာစကားအနေဖြင့် မွန်လူမျိုးသည် မွန်-ခမာ အုပ်စုဝင်ဖြစ်ပြီး တိဗက်-ဗမာအုပ်စုဝင်ဖြစ်သော ဗမာတို့နှင့် ဘာသာစကားဘက်၌ လုံးဝကွဲပြားကြသည်။ ဘာသာစကားဘက်တွင် ကွဲပြားခြားနားကြသော်လည်း အမျိုးအနွယ်ဘက်တွင် တူညီကြသဖြင့် မွန်နှင့် ဗမာတို့သည် ရုပ်ရည်လက္ခဏာကို ကြည့်လျှင် မည်သူက မွန်၊ မည်သူက ဗမာဟူ၍ ခွဲခြားပြရန် အလွန်ပင်ခက်ခဲ လှပေသည်။

မွန်တို့၏ မူလဒေသရင်း

ဘီစီ ၂၀၀၀ ခန့်တွင် မူလနေထိုင်သူ နီဂရီတို ခေါ် ကပ္ပလီအနွယ်ဝင်များကို ရင်ဆိုင်လျက် မွန်များ ရောက်ရှိလာပြီး ဆန်စပါးစိုက်ပျိုးရေး ယဉ်ကျေးမှုကို ပြန့်ပွားထွန်းကားစေခဲ့ကြောင်း ပါမောက္ခ ဒေါက်တာလု(စ်)၏ အာဘော်အရ သိမှတ် ကြရသည်။ မွန်တို့၏ မူလဒေသရင်းမှာ မွန်ဂိုလီးယားပြည် တရုတ်အရှေ့ တောင်ပိုင်း တုန်ကင်လွင်ပြင်မှ ဖြစ်ကြောင်း ဒေါက်တာလု(စ်) က ဆိုသည်။

ထိုင်း (ယိုးဒယား) နိုင်ငံတောင်ပိုင်း ဒွါရဝတီနိုင်ငံဟူ၍ အင်ဒိုချိုင်းနား၌ ထင်ရှားသည့် ရှေးဟောင်းမွန်ကျောက်စာများကို အထောက်အထားပြုလျက် မွန်တို့ တည်ထောင်အခြေချခဲ့သည်။ ထိုမှ ပရပထုံ မွန်ကျောက်စာအရ အေဒီ ၁၀ ရာစုနှစ်ကျော် ခမာ (ခေါ်) ကမ္ဘောဒီးယား လူမျိုး၏ ရန်ပြုမှုကြောင့် ဇင်းမယ်အနီး ဟာရီဗုဉ္စ ခေါ် လန်ဖွန်းသို့ ပြောင်းရွှေ့ သည်။ ထိုမှ ထိုင်း (ယိုးဒယား)လူမျိုးများက ဖိလာပြန်သဖြင့် ၁၂ ရာစု၊ ၁၃ ရာစုနှစ်များတွင် ဒွါရဝတီမွန်တို့ ပျက်လွင့်ပြန်ကာ မြန်မာနိုင်ငံတောင်ပိုင်း သံလွင်မြစ်ဝ ဘီလူးကျွန်းရှိ နီဂရီတိုတို့ကို ရင်ဆိုင်တိုက်ခိုက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပညာရှိတို့က ရေးသားခဲ့ကြသည်။

မွန်လူမျိုး မြို့ပြနိုင်ငံ ထွန်းကားခဲ့

ထိုမှ ပထမ မွန်မင်းဆက် ၅၇ ဆက် (သထုံ သီဟရာဇာမှ မနူဟာမင်းအထိ) မွန်လူမျိုး မြို့ပြနိုင်ငံ ထွန်းကားခဲ့သည်။ ယင်းနောက် မွန်နှင့် ဗမာတို့သည် ပုဂံခေတ် (အနော်ရထာမင်းစော-ကောဇာ ၄၁၀)မှစ၍ ဆက်ဆံပေါင်းသင်းလာခဲ့ကြသဖြင့် ယဉ်ကျေးမှုချင်း အများဆုံးရောစပ်ခဲ့ကြသည်။ မွန်နှင့် ဗမာတို့သည် ဘာသာစကား ကွဲပြားစေကာမူ မွန်ဂို လွိုက်အနွယ်တူဖြစ်၍ အထက်တွင်ဆိုခဲ့သည့်အတိုင်း ရုပ်သွင်တူညီကြပြန်သဖြင့်သာ၍ ရင်းနှီးချစ်ခင်ခဲ့ကြသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရှိ၍ တိုင်းရင်းသားလူမျိုး အချင်းချင်း ညီရင်းအစ်ကိုတမျှ သွေးစည်းညီညွတ်စွာ ပေါင်းစည်းနေထိုင်ကြရေးသည် မရှိမဖြစ် အရေးပါလျက်ရှိသည်။ လူမျိုးတိုင်းသည် မိမိတို့၏ မယိမ်းမယိုင်သော မြဲခိုင်သည့် သမိုင်း ကြောင်းအရ ကိုယ်စီကိုယ်စီ အမျိုးသားနေ့များရှိကြသည်ပင်ဖြစ်သည်။ ကရင် အမျိုးသားနေ့၊ ရှမ်းအမျိုးသားနေ့ စသည်ဖြင့် ရှိကြသည်။

(၇၇) နှစ်မြောက် မွန်အမျိုးသားနေ့

ထို့ကြောင့် မွန်လူမျိုးတို့သည်လည်း မွန်အမျိုးသားနေ့ဟူ၍ ရှိပါသည်။ နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်ကျော် ၁ ရက်နေ့သည် မွန်အမျိုးသားနေ့ ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် (ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်) သည် (၇၇)နှစ်မြောက် ကျရောက်သော နှစ် ဖြစ်သည်။ မွန်အမျိုးသားနေ့၏ သမိုင်းကြောင်းသည်ကား- 

“ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုကို ခံယူထားသော မွန်တိုင်းရင်းသား အစည်းအရုံးသည် အသံသာရှိပြီး အဆန်မရှိသော အစည်းအရုံးဖြစ်သည်ဟု ဖဆပလ အမှုဆောင်အဖွဲ့က ပုတ်ခတ် လာသည်ကို တန်ပြန်သည့်သဘောဖြင့် ၁၉၄၆ ခုနှစ်ကုန်ခါနီးတွင် (ယခင် ကျိုက္ခမီမြို့နယ်) ယခု သံဖြူဇရပ်မြို့နယ် ပငရွာတွင် မွန်အမျိုးသားညီလာခံ တစ်ရပ်ကို ကျင်းပကြသည်။ ၎င်းညီလာခံ သို့ မွန်အမျိုးသားထောင်ပေါင်းများစွာ တက်ရောက်ကြသည်။ ၎င်းညီလာခံ၏ ဆုံးဖြတ်ချက်တစ်ခုမှာ သာသနာ သက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့သည် သမလနှင့် ဝိမလညီနောင်နှစ်ပါးတို့သည် (ကျမ်းဂန် လာအရ)သိကြားမင်း၏ အကူအညီဖြင့် ဟံသာဝတီ ပဲခူးမြို့ကို စတင်တည်ထောင် သည့်နေ့ကိုယူပြီး နှစ်စဉ် တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသား နေ့အဖြစ် သတ်မှတ်ရန်ဟူ၍ ဖြစ်သည်။

မွန်တိုင်းရင်းသားအစည်းအရုံး

ထိုစဉ်က မွန်တိုင်းရင်းသားအစည်း အရုံး၏ ဗဟိုအလုပ်အမှုဆောင်ကို ရွေးကောက်တင်မြှောက်ကြရာ အမှုဆောင်တွင် ဥက္ကဋ္ဌ မွန်ဦးဖိုးချို၊ ဒုဥက္ကဋ္ဌ နိုင်အောင်ထွန်း၊ အထွေထွေ အတွင်းရေးမှူး မွန်သန်း၊ တွဲဖက် အတွင်းရေးမှူး နိုင်ချမ်းမွန်၊ ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေး နိုင်မွန်ထော (ဆရာဟို)၊ စည်းရုံးရေး မွန်ထွန်းရင်၊ ဆရာစိန်၊ နိုင်ထွန်းခင်၊ နိုင်အောင်လှငွေ စသောပုဂ္ဂိုလ်များကို တင်မြှောက်ကြကြောင်း သိရသည်။ 

သို့ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့တွင် လူမျိုးတစ်မျိုးဖြစ်သော မွန်တိုင်းရင်းသား တို့၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် (ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့)တွင် ကျရောက်မည့် “(၇၇)နှစ်မြောက် မွန်အမျိုးသားနေ့” အား ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။  ။

မှတ်ချက်။        ။ ဆရာ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်းတို့ ရေးသားပြုစုသည့် “မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း” စာအုပ် အခန်း(၈)မှ ကောက်နုတ် တင်ပြပါသည်။