မန္တလေး-ပုဂံ မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရန်ရှိ

ပုဂံ ၁၉  မေ

 

မန္တလေး-ပုဂံ မီးရထားလမ်းကို အဆင့်မြှင့်တင်ရန် မြန်မာ့မီးရထားက ယခုကတည်းက စတင်လုပ်ငန်းသုံးပစ္စည်းများကို နွားထိုးကြီးဘူတာသို့ ပေးပို့နေကြောင်း သိရသည်။

 

ပုဂံ-မန္တလေး မီးရထားမိုင် ၆၂ မိုင်ကျော်ရှိရာ နွားထိုးကြီးသံလမ်းအုပ်က မိုင် ၆၀ ကျော် ပြင်ဆင်ထိန်းသိမ်းရ၍ ယခုကဲ့သို့ သံလမ်းသုံးအပိုပစ္စည်းများ ရောက်နေခြင်းဖြစ်သည်။

 

မန္တလေး-ပုဂံ ရထားလမ်းကို လက်ရှိပေါင် ၆၀ သံလမ်းများအစား ၇၅ ပေါင်သံလမ်းအစားထိုးပြင်ဆင်ရန်ရှိနေသည်။ ပုဂံ ရထားလမ်းကို မီးရထားလမ်းသုံးကျောက်များ အစားထိုးခြင်း၊ သစ်သား ဇလီဖားတုံးများ အစား ကွန်ကရစ်တုံးများ ပြောင်းလဲနိုင်၍ ယခုအခါ မီးရထား လမ်းချော်ကျခြင်း မရှိသလောက်ပါဟု နွားထိုးကြီးဘူတာရုံပိုင်က ပြောသည်။

 

မန္တလေး - ပုဂံရထားကို လော်ကယ်ရော၊ အမြန်ရထားပါနေ့စဉ် အစုန်အဆန် ၄ စင်းပြေးဆွဲနေ၍ ဒေသခံများ၊ ပုဂံဘုရားဖူးများ၊ နိုင်ငံခြားသားများအတွက် အဆင်ပြေနေကြောင်း သိရသည်။

 

ဌေးမြင့်မောင်