မန္တလေးအငြိမ့်နှင့် လူထုခံစားမှု

ဆူးငှက်

 

၁၉၈၀ ပြည့်နှစ် ဝန်းကျင်ကာလများအတွင်းမှာပင် လူထုဒေါ်အမာ၏ 'အငြိမ့်' ပ၊ ဒု နှစ်အုပ်တွဲနှင့် ရွှေမန်းတင်မောင်စာအုပ်များကို ဖတ်ရသည်။ ကျွန်တော်က 'အငြိမ့်' ကို ပိုကြိုက်သည်။ ကျွန်တော် 'အငြိမ့်' ကို ဖတ်ရတာ စာအုပ်ထွက်ပြီး ခြောက်နှစ် ခုနစ်နှစ်မှ ဖြစ်သည်။ သို့သော်ကိစ္စမရှိ။ အကြောင်းအရာ အချက်အလက်တိုင်း အသစ်အဆန်းချည်းဖြစ်နေသည်။

 

ဟံသာဝတီသတင်းစာ စာမျက်နှာများပေါ်က

ထိုအချိန်က ကျွန်တော်တို့ကလည်း လူပျိုဖားဖားမို့မန္တလေး၏ ဆူဖြိုကြွယ်ဝလှသော အငြိမ့်ပွဲခင်းများဆီညစဉ်မပြတ်ရောက်ရှိကာ ရင်ထဲခံစားရသော မင်းသမီး၏ မျက်လွှာတစ်ပင့်အတွက် အငြိမ့်စင် ထောင့်သန်းခေါင်သန်းလွဲအထိ ရင်ခုန်ခံစားနေသော ကာလများလည်း ဖြစ်ပါ၏။ ထို့ထက် အငြိမ့်အပေါ် ပိုမိုလေးနက်စေသော အကြောင်းခြင်းရာများက ၁၉၇၀ ကျော်ဝန်းကျင် အုံနှင့်ကျင်းနှင့် ငွားငွားစွင့်စွင့် ဖူးပွင့်ခဲ့ကြသော ဟံသာဝတီသတင်းစာ စာမျက်နှာများပေါ်က မန္တလေးလူငယ် ကလောင်များသည် ရုတ်ခြည်းနေရာပျောက်ရာ မှဝါသနာအရင်းခံနှင့် ရေမြေအရ သူတို့၏ ကလောင်ဖျားက ‘သဘောထား’ များလည်း မန္တလေးအငြိမ့်စင်များဆီ... ‘အော်ပရာ’ များအဖြစ် အပြိုင်းအရိုင်း ဖူးပွင့်ဝေဆာသဖြင့် ထိုထိုပန်းပွင့်များကိုလည်း သံယောဇဉ်ကြီးစွာ ခံစားတကြွ်ကနေခြင်းလည်း ဖြစ်သည်။

 

မန္တလေးအငြိမ့်အော်ပရာဆိုတာ

၁၉၈၈ ခုနှစ်နောက်ပိုင်း မွေးဖွားလာသော အသက်၁၉ နှစ်အရွယ်၊ အနှစ် ၂၀ အရွယ် လူငယ်တွေက မ္တလေးအငြိမ့်အော်ပရာဆိုတာကို သိရှိခံစားဖူးကြမှာမဟုတ်...။ အရင်က မန္တလေးမှာ အငြိမ့်အဖွဲ့တွေလေးဆယ်...၊ ငါးဆယ်ရှိနေရာက တဖြုတ်ဖြုတ်နှင့်ကြွေသွားလိုက်ကြတာ၊ ဒီကနေ့ အငြိမ့်သုံးဖွဲ့သာ ကျန်တော့သည်အထိပင်...။ အငြိမ့်ဆိုသည်ကလည်း တစ်နေကုန် ချစ်ချစ်တောက်ပူထားသော ကတ္တရာလမ်းပေါ်မှာ စင်ထိုးပြီး ဖျာခင်းကြည့်ရသည့် ကြည့်ချင်ပွဲမို့ ဒီကနေ့လူငယ်တွေနှင့် မကိုက်လှ...။ နေရာထိုင်ခင်း အရသော်လည်းကောင်း၊ ကျန်းမာရေးအရသော်လည်းကောင်း ဆင်ခြင်ကြမှာ သေချာသည်။ ဒီကနေ့လူငယ်တွေဆိုတာ မှန်ခန်း၊ အဲကွန်းနှင့်safe side ကိစ္စအတော်စဉ်းစားကြသည်။ ၁၉၈၈ အကျော် ၁၉၉၀ ဒီဘက် လူထုဖျော်ဖြေပွဲတွေ ပြန်လည်ခေါင်းထောင်နာလန်ထူလာချိန်တွင် ဇာတ်၊ အငြိမ့်ကဲ့သို့သော ရိုးရာပွဲခင်းများကို အဆင့်မြင့်ဇာတ်ရုံကြီးတွေမှာ ချက်ချင်း မထည့်သွင်းနိုင်ခြင်းကလည်း နောက်မျိုးဆက်နှင့်ကွာဟစေသောအချက်တစ်ချက်ဆိုတာ ငြင်းခုံဖွယ်မရှိချေ။

လူထုဒေါ်အမာ၏ ‘အငြိမ့်’မည်သို့ဆိုစေ ကိုလိုနီခေတ်ဦးကတည်းက မန္တလေးတွင် ဖြစ်ထွန်းခဲ့သော အငြိမ့်သည် ၁၉၈၀ ဝန်းကျင်တွင် ‘အော်ပရာ’ များဖြင့် လူထုဆန ́၊ လူထုအာသီသအပေါ် တစ်စုံတစ်ရာ ဖြည့်ဆည်းနိုင်မှု တာဝန်ကျေခဲ့သည်။ ထိုကဲ့သို့ မန္တလေးအငြိမ့်များ တစ်ခေတ်ဆန်းကာ ဘုန်းမီးနေလ ပြန်လည်တောက်ပချိန် မ္တလေးအငြိမ့်တွေအပေါ် စွဲမက်နေချိန်တွင် လူထုဒေါ်အမာ၏ ‘အငြိမ့်’ ပ၊ ဒုနှစ်အုပ်တွဲက ‘လက်တွေ့’ နှင့် ‘သဘောတရား’ ပေါင်းစပ်လေ့လာသင်ယူသည့်ပမာဖြစ်၏။ “အငြိမ့် မှာ မင်းသမီးရယ်၊ လူပြက်ရယ်၊ အတီးအဖွဲ့ရယ် သုံးပိုင်းရှိတယ်။ အငြိမ့်မင်းသမီးက သီချင်းဆိုပြီးကတာပဲ၊ သူသီဆိုတဲ့သီချင်းက ဖေတော့ မောင်တော့ ရည်းစားမျှော် သီချင်းပဲဖြစ်ရမယ်လို့ လှေနံဓားထစ် သတ်မှတ်ပေးမထားပါဘူး။ အငြိမ့်မင်းသမီးသီချင်းက ခေတ်ကာလနဲ့၊ အခြေအနေနဲ့၊ ပတ်ဝန်းကျင်နဲ့။ အချိန်အခါကိုလိုက်ပြီး လူတွေ လှုပ်ရှားစိတ်ဝင်စားနေတဲ့ အကြောင်းအရာ ဘာကိုမဆို သီချင်းဆိုလို့ရပါတယ်။ အငြိမ့်သီချင်းဆိုတာ ဘယ်အကြောင်းအရာ မျိုးကိုသာ ရေးစပ်ထားတာ ဖြစ်ရမယ်လို့ ဘယ်တုန်းကမှလည်း မသတ်မှတ်ခဲ့ဖူးဘူး။ ဘယ်သူကမှလည်း သတ်သတ်မှတ်မှတ် ရေးစပ်ပေးမနေပါဘူး။ ဒါကြောင့်အငြိမ့်သီချင်းတွေဟာ အချစ်ရေးနဲ့လည်းရှိ၊ စစ်ရေးနဲ့လည်းရှိ၊ နိုင်ငံရေးနဲ့လည်းရှိ၊ လူမှုရေးနဲ့လည်းရှိဆိုသလိုအရေးမျိုးစုံ ရှိနေပါတယ်တဲ့။”

 

လူပြက်မှာ လွတ်လပ်ခွင့်အပြည့်ရှိခဲ့

ဟုတ်ပါသည်။ အခြားမကြည့်နှင့်၊ နာမည်ကျော်အငြိမ့်မင်းသမီး လေဘာတီမမြရင်၏ သီချင်းမှာပဲကြည့် ...၊ အကြောင်းအရာမျိုးစုံသည်။ နြိငေ သဘော ထင်ဟပ်သည်။ ပွဲကြည့်ပရိသတ် (ဝါ) လူထုကို Information ပေးတာတွေရှိသည်။ ရွှေဗဟိုရ်စည်သံသီချင်းတို့၊ တုံးကျော်မသီချင်းတို့၊ အိမ်တော်ရာ ဘုရားဈေးသီချင်းတို့မှာ ထိုသဘောတွေပါသည်။ လူထုဒေါ်အမာက ဆက်၍ သုံးသပ်ပြထားသေး၏။ မင်းသမီးချည်းလား၊ လူပြက်ကကော ဘယ်လိုလဲလို့မေးရင်၊ အငြိမ့်မှာ ချစ်စရာ၊ မြတ်နိုးစရာ အကောင်းဆုံးအဂ ̄ တစ်ရပ်သည် လူပြက်များ၏ လွတ်လပ်စွာ ဝေဖန်သရော်ပြက်ရယ်ပြုခွင့် အစဉ်အလာကို ပြောရမလောက်ဖြစ်ပါသည်။

လူပြက်၏အလုပ်က မင်းသမီး ကရလို့ ဆိုလို့ မောလျှင်အမောပြေအောင် ကြားဝင်ပြီး ရယ်စရာပြက်ရသည့်တာဝန်က ၎င်းတို့၏တာဝန်ပါ။ ထိုသို့ တာဝန်ရှိရာ မှာ “လူပြက်မည်သည်၊ ဘယ်အကြောင်းအရာကိုသာ ပြက်ရယ်ပြုနိုင်တယ်။ ဘယ်အကြောင်းအရာမျိုးကိုပြက်ရယ်ခြင်းမပြုရ” ဟူ၍ မရှိခဲ့ပါ။ ပဒေသရာဇ်ခေတ်မှာတောင်မှ လူပြက်မှာ လွတ်လပ်ခွင့် အပြည့်ရှိခဲ့သည်။ ထို့ကြောင့် စည်းမစောင့်သည့်လူပြက်သည်နတ်နေကိုင်းတောင် မချန်ပါ၊ ဘာသာရေးလည်း ထည့်ပြက်သည်။ ထိုသို့ လွတ်လပ်ကြသည်။ အငြိမ့်သဘင်၏ အလုပ်ခွင်သည် ထိုသို့ လွတ်လပ်သည်နှင့်အတူ အငြိမ့်ပွဲကိုလည်း လူများက လွတ်လွတ်လပ်လပ်ပွဲခံကြသည်ဟု ဆိုသည်။ ထိုအငြိမ့်၏သဘောသဘာဝ ကို အကျဉ်းဆုံးနှင့် အထိရောက်ဆုံး ထုတ်နုတ်ပြလိုက်ခြင်းဖြစ်၏။

 

ဓားသွားသည် ပျားရည်စက်များဖြင့် ချိုမြနေခဲ့

၁၉၈၀ ဝန်းကျင်၏ များပြားလှသော မန္တလေးအငြိမ့်စင်များတွင် လူပြက်များ၏ ပြက်လုံးများက (အထိုက်အလျောက် အထိန်းအကွပ်ကြားမှပင်) လူထုဝေဒနာကိုထပ်ဟပ်နိုင်ခဲ့သည်။ ထို့ပြင် ကနဦးကပြခဲ့ကြသည့် ‘အော်ပရာ’ များတွင်လည်း အနုပညာမြောက်စွာဖြင့်ခေတ်ကို ထင်ဟပ်စေနိုင်ခဲ့သည်။ ဝေဖန်နိုင်ခဲ့သည်။ ဦးတည်ချက်တစ်ခုဆီ ရည်ရွယ်နိုင်ခဲ့သည်။ အနုပညာမြောက်လှသဖြင့် ဓားသွားသည် ပျားရည်စက်များဖြင့်ချိုမြနေခဲ့၏။

ထိုအခါ ကျွန်တော်တို့လို စာရူးပေရူးများလည်း ရှေ့က အော်ပရာများ၏ အလွှမ်းမိုးခံရကာ သူတို့လိုရေးသားတင်ဆက်လိုခြင်း စိတ်ဆန္ဒပြင်းပြခဲ့တာလည်း မဆန်း...။

ဘေ့စ်ဂစ်တာ၏ အလှန့်သံနှင့်အတူ မီးချိန်းအမှောင်မှာ စပေါ့လိုက် လိမ္မော်နုရောင်က ‘သင်္ဃမိတ္တာ’ ၏ အံကြိတ်ထားသည့် ရုပ်ပုံကိုပဲ ကွက်၍ မှိန်မှိန်ပျပျ ထင်သည်။ ဂစ်တာသံအပါးတွင်...

“သမီးတော်ဟာ ခမည်းတော်အတွက်သာ စိုးရိမ်ကြောက်ရွံ့နေတာပါ။ ခမည်းတော်က မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်စွာ မြင့်မားမှုဟာ လက်နက်ထဲမှာသာရှိတယ်လို့ ယုံကြည်ထားသူ မဟုတ်လား”

“ဘာ...ခမည်းတော်ကို ပြန်ပြီးလျှောက်ထားစမ်းပါဦး ...၊ သင်္ဃမိတ္တာရဲ့။ မင်းဧကရာဇ်တစ်ပါးရဲ့ကြီးကျယ်မှုဆိုတာ ဟောဒီလက်နက်ကလွဲလို့ ဘယ်မှာ များရှိဦးမှာလဲ သမီးတော်ရဲ့၊ ဟား...ဟား...ဟား...”

“မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာ နှလုံးသားထဲမှာသာ တည်ရှိပါတယ်။ နှလုံးသားရဲ့ ကျယ်ပြန့်မှု၊ သန့်စင်မှု၊ ကြီးမြင့်မှုကသာ တကယ့်ကြီးကျယ်မြင့်မားမှုပါ ခမည်းတော် ...” အသောက ခေါင်းကို ယမ်း၍ မျှင်းမျှင်းမျှရယ်သည်..။ကျွန်တော်သည် အငြိမ့်စင်ပေါ်မှ အော်ပရာ ဇာတ်ကွက်တွင် နစ်မျောနေရင်း ရင်တလှပ်လှပ်ခုန်နေသည်။လူထုဒေါ်အမာ၏ ‘အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလိုလွတ်လပ်တာနဲ့အတူ...’ ဟူသော ရေးသားချက်ကိုလည်း တနုံ့နုံ့ သတိရနေပါတော့သည်။ ကြေးမုံ