မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် သိမ်းဆည်းမြေများတွင် ပါဝင်ခဲ့သည့် တောင်သူများအား မြေယာလျော်ကြေးပေးအပ်

တံတားဦး      မတ်      ၂၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် သိမ်းဆည်းမြေ များအနက် ခြံစည်းရိုးဧရိယာအတွင်း ပါဝင်ခဲ့သည့် မြေဧရိယာ ၅၇၅ ဧကအတွက် တောင်သူများအား  မြေယာလျော်ကြေး ပေးအပ်ခြင်းကို မတ် ၂၂ ရက် နံနက်ပိုင်းက တံတားဦးမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် တံတားဦးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက အမှာစကား ပြောကြားပြီး လေးကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက မြေယာလျော်ကြေး ပေးချေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တံတားဦးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြေယာလျော်ကြေးငွေများ အသီးသီးပေးအပ်ကြသည်။

 

တံတားဦးမြို့နယ်အနေဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ခြံစည်းရိုးဧရိယာအတွင်း ပါဝင်ခဲ့သည့် ကန်ချော ကျေးရွာအုပ်စုမှ ကွင်းအမှတ်(၁၄၂၃)ရှိ တောင်သူ ၂၈ ဦး (မြေဧရိယာ ၁၅၅ ဒသမ ၁၈ ဧက)၊ ကွင်းအမှတ်(၁၄၂၃-ခ)ရှိ တောင်သူ ၃၄ ဦး (မြေဧရိယာ ၁၆၆ ဒသမ ၈၅ ဧက)၊ ကွင်းအမှတ်(၁၄၂၅-က)ရှိ တောင်သူ ကိုးဦး (မြေဧရိယာ ၃၉ ဒသမ ၉၈ ဧက)၊ ရေးခါးကျေးရွာအုပ်စုမှ ကွင်းအမှတ်(၁၄၁၅)ရှိ တောင်သူ ၂၂ ဦး (မြေဧရိယာ ၁၀၅ ဒသမ ၂၂ ဧက)၊ ကွင်းအမှတ်(၁၄၁၆)ရှိ တောင်သူ ၂၀ (မြေဧရိယာ ၁၀၇ ဒသမ ၇၇ ဧက) စုစုပေါင်း မြေယာလျော်ကြေးငွေ ပေးအပ်သည့် ဧက ၅၇၅ ဧက ဖြစ်ကြောင်းသိရသည်။

 

ရဲတင့်(ပြန်/ဆက်)