၉ မတ်

 

မန္တလေးခရိုင်၊ ဆီစက်ပိုင်ရှင်များအသင်းမှ ဆီထွက်နှုန်းပိုမိုကောင်းမွန်သော အိန္ဒိယ မျိုးမြေပဲများအား ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ တောင်လေးလုံးကျေးရွာအတွင်း စမ်းသပ်စိုက်ပျိုးထားရှိကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးသန်းလွင်က ပြောကြားသည်။

 

အဆိုပါ အိန္ဒိယမျိုးမြေပဲမှာ တစ်ဧကလျှင် တင်း ၄၀ ထွက်ရှိသည့်အပြင် ဆီထွက်နှုန်း ၄၅ ရာခိုင်နှုန်း အထိပါရှိသဖြင့် အခြားသော မြေပဲမျိုးများထက် ဆီထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း သိရသည်။

 

ပြည်တွင်းမှာ ပုံမှန်စိုက်ပျိုးနေတဲ့မြေပဲမျိုးတွေက တစ်ဧက အနည်းဆုံး ၁၄ တင်း၊ ၁၅ တင်း ထွက်တဲ့မျိုးရှိသလို၊ တချို့မျိုးတွေက တင်း ၄၀ ထိ ထွက်ပါတယ်။ ဒါပေမယ့် ဆီထွက်နှုန်းက အများဆုံး ၃၀ ရာခိုင်နှုန်းပဲရှိတယ်၊  အခုကျွန်တော်တို့ အသင်းက စမ်းသပ်စိုက်ပျိုးထားတဲ့ မျိုးကတော့ အထွက်နှုန်း လည်းကောင်းသလို၊ ဆီထွက်နှုန်းကလည်း ပိုမိုထွက်ရှိပါတယ်၊ ဒါကြောင့် တောင်သူတွေ အကျိုး အတွက် စမ်းသပ်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်၊ ဒီလိုစိုက်ပျိုးတဲ့နေရာမှာလည်း မန္တလေးတိုင်းအတွင်းမှာ စိုက်ပျိုးမြေနေရာ အခက်အခဲရှိတဲ့အတွက် စိုက်ပျိုးမြေပေါတဲ့ အင်းလေးဒေသမှာ အသင်းအနေနဲ့ တကူးတကကို သွားရောက် စိုက်ပျိုးထားခြင်းဖြစ်ပါတယ်၊ဟု ၎င်းကပြောသည်။

 

အဆိုပါမျိုးမြေပဲများဖြင့် ၂၀၁၉ခုနှစ် အောက်တိုဘာလမှ စတင်ကာ ဧကတစ်ရာကျော် စမ်းသပ်စိုက်ပျိုး ထားခဲ့ပြီး ယခုလအတွင်း ထွက်ရှိလာတော့မည်ဖြစ်ကြောင်းနှင့် ယခုထွက်ရှိလာမည့် မျိုးမြေပဲများနှင့် အသင်းတွင် သိုလှောင်ထားသည့် မျိုးမြေပဲများပေါင်းလျှင် ဧကတစ်သောင်းကျော် စိုက်ပျိုးနိုင်ရန် မျိုးများ ရှိနေမည်ဖြစ်သော်လည်း ဧကတစ်သောင်းကျော်အထက် စိုက်ပျိုးရန်လိုအပ်ချက်ရှိပါက တိကျသေချာ သော ပြည်ပကုမ္ပဏီများနှင့် ချိတ်ဆက်စီစဉ်၍ ၀ယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

လက်ရှိတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် မြေပဲများ အရောင်းအ၀ယ် အေးစက်နေသော်လည်း တ ရုတ်နိုင်ငံမှ မြေပဲလုံးဆံ(အနီ)ကို အဓိက အားထား၍ သွက်လက်မြန်ဆန်စွာ ၀ယ်ယူနေကြောင်းနှင့် စျေးနှုန်းမှာလည်း အခြားသောမြေပဲများထက် စျေးနှုန်းပိုမိုကာ တစ်ပိဿာလျှင် ၃၃၀၀ ကျပ်နှုန်းအထိ ယခုနှစ်တွင် အမြင့်ဆုံးစျေးနှုန်းဖြင့် စျေးပေး၀ယ်ယူနေကြောင်း မန္တလေးခရိုင်၊ ဆီစက်ပိုင်ရှင်များအသင်းက သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

1234ww