မန္တလေးကျုံးအတွင်း အပေါ့စွန့်သည့် အမျိုးသားကို ဖမ်းဆီးအမှုဖွင့်

မန္တလေး ၁၁ သြဂုတ်

 

မန္တလေးကျုံးအတွင်း အပေါ့စွန့်သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ အမှုဖွင့်လှစ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။

 

"ကျုံးရေက မြို့တော်ရေဖြန့်ဖြူးရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်လို့ စည်ပင်ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်ကာ အမှတ် ၄ ရဲစခန်းတွင် ရဲအက် ၄၇ နဲ့ ဒီနေ့ အောင်မြေသာဇံတရားရုံးမှာ တရားစွဲဆို အရေးယူသွားပါမယ်။" ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ကဆိုသည်။

 

ကျုံးအတွင်း အပေါ့စွန့်သည့် အမျိုးသားသည် အသက်(၄၂)အရွယ် ဖြစ်ပြီး  အလုပ်ကိစ္စဖြင့် မန္တလေးမြို့သို့ လာရောက်သူဖြစ်ကာ မန္တလေးကျုံး အနောက်ခြမ်း လမ်း၈၀၊ ၁၄ လမ်းနှင့် ၁၅လမ်းကြားတွင် ကျုံးအတွင်း အပေါ့စွန့်နေသည်ကို စည်ပင်ဝန်ထမ်းများက တွေ့ရှိခဲ့ရာမှ ဖမ်းဆီးအမှုဖွင့်ခြင်း ဖြစ်ကြောင်း ရဲမှူးငြိမ်းချမ်းအောင် က ပြောသည်။

 

“ဒဏ်ငွေလောက်နဲ့ ပြီးသွားမှာစိုးလို့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ရအောင် ရဲအက်နဲ့ တရားလိုလုပ်ပြီး အမှုဖွင့်တာပါ”ဟု ၎င်းက ပြောသည်။

 

ရဲအက်ဥပဒေ ပုဒ်မ ၄၇ သည် လမ်းများ၊ အများပြည်သူဆိုင်ရာ နေရာများတွင် အများပြည်သူအား အနှောင့်အယှက်ဖြစ်စေရန်၊ အန္တရာယ်ဖြစ်စေရန်၊ ထိခိုက်နစ်နာစေရန်၊ သို့မဟုတ် အဟန့်အတား ဖြစ်စေရန် ပြုလုပ်မှုအတွက် ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးအရေးယူနိုင်သည့် ပုဒ်မဖြစ်ပြီး ထောင်ဒဏ်(၇)ရက်ဖြစ်စေ၊ ငွေဒဏ်ကျပ်(၅၀)ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

 

ဖြိုးအိ