မန္တလေးမဟာမုနိဘုရာကြီး (၉၆) ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော် ကျင်းပ

မန္တလေး ၂၂ ဇွန်

မန္တလေးမြို့မဟာမုနိဘုရားကြီး (၉၆) ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော်ကို ဇွန် ၂၂ ရက်မှ ဇူလိုင် ၂၁ ရက်အထိ၊ နံနက် ၈ နာရီမှ ညနေ  ၆ နာရီအထိ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ မဟာမုနိဘုရား အနောက်ဝင်ပေါက်အနီးရှိ အသစ်တည်ဆောက်ထားသော မိုးလုံလေလုံ ခြင်းလုံး အားကစားရုံသစ်ကြီးတွင် ရိုးရာအစဉ်အလာမပျက် ဝါဆိုခြင်း အလှခတ်ပွဲတော် ကျင်းပလျက်ရှိသည်။

(၉၆) ကြိမ်မြောက် ဝါဆိုခြင်းအလှခတ်ပွဲတော် ဖွင့်ပွဲကို ဇွန် ၂၂ ရက် နံနက် ၈ နာရီက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မဟာမုနိ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ (၉၆) ကြိမ်မြောက် ဝါဆိုခြင်း အလှခတ်ပွဲတော်တွင် မန္တလေးမြို့နှင့် မြန်မာနိုင်ငံတစ်ဝှမ်းမှ အပျော်တမ်းခြင်း အသင်း ၆၀၀ ခန့် ဝင်ရောက်ခတ်ကစားကြမည်ဖြစ်သည်။

ဝါဆိုခြင်း အလှခတ်ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းပြိုင်ပွဲ ရွှေတံဆိပ်ဆုရ မန္တလေးတိုင်းဒေသကြီးဂုဏ်ဆောင် ခြင်းလုံးအားကစားသမားများက အလှခတ် သရုပ်ပြခဲ့ကြရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မြန်မာနိုင်ငံရိုးရာခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်တို့က ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့သည်။
              
မောင်ပြည်သူ(မန္တလေး)