မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် ဗန်းမော်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖူးမြော်

မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် ဗန်းမော်ဆရာတော်ဘုရားကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား

နေပြည်တော် ဧပြီ ၃၀

မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဆရာတော်ဘုရားကြီးအားဖူးမြော်ကြည်ညို၍ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ဆေးဝါးကုသမှုပေးထားသည့် အခြေအနေများနှင့် ဆွမ်းကိစ္စများအဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးထားသည်များကို ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ဘုရားကြီးအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန်ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးနေမှုအခြေအနေများနှင့် အနယ်နယ်အရပ်ရပ်မှ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများဦးဆောင်၍ ဆရာတော်၊ သံဃာတော်များကလာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည့် အခြေအနေများ၊ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည့် အခြေ အနေများ၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်လည်း “ကဆုန်လပြည့် ဗုဒ္ဓနေ့” ဆိုင်ရာအခမ်းအနားများကို နိုင်ငံတော်အဆင့်ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ဗဟိုချက်ဖြစ်စေ ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ဆရာတော်ဘုရားကြီးတို့၏ဦးဆောင်မှုဖြင့် သံဃအဖွဲ့အစည်းသည်လည်း မှန်ကန်စွာရပ်တည်လျက်ရှိသည့် အခြေအနေများကိုလျှောက်ထားတင်ပြီး ဆရာတော်ဘုရားကြီးထံမှ ဩဝါဒကိုခံယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်ဘုရားကြီးအား ဆေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ဘုရားကြီး ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို နာယူကြည်ညိုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆေးရုံအုပ်ကြီးနှင့်ပါရဂူများအား ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်