မန္တလေးမြို့ ကမ်းနားလမ်းတစ်လျောက်ရှိ လမ်းလယ်ကျွန်းများတွင် သေဆုံးသွားသော အရိပ်ရအပင်များအတွက် အစားထိုးစိုက်ပျိုးမည်

မန္တလေး ဇွန် ၉

မန္တလေးဆိပ်ကမ်းသန့်ရှင်းသာယာလှပရေးနှင့် စိမ်းလမ်းစိုပြည်ရေးအတွက် ကမ်းနားလမ်းတစ်လျောက်ရှိ လမ်းလယ်ကျွန်းများတွင် စိုက်ပျိုးထားသည့် အရိပ်ရသစ်ပင်များမှ အချို့မှာ သေဆုံးမှုများရှိခြင်းကြောင့် ၎င်းနေရာ၌ အရွယ်ရှိသော အရိပ်ရအပင်ဖြစ်သည့် တည်ပင်ပေါင်း ၁၀၀ ကို အစားထိုး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်းနားလမ်းတစ်လျောက် သန့်ရှင်းသာယာပြီး စိမ်းလမ်းစိုပြည်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန၊ အထူးဌာနခွဲမှ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ယင်းဌာန တာဝန်ရှိသူကပြောသည်။

“အပင် ၁၀၀ စိုက်မှာဆိုတော့ ဒီနေ့အထိ အပင်စိုက်ဖို့ ကျင်းပေါင်း ၅၀ တူးပြီးသွားပြီ။ လာမယ့် ၃ ရက်လောက်ဆိုရင် စိုက်နိုင်မှာပါ။ ကမ်းနားလမ်း စိမ်းလမ်းစိုပြည်ပြီး သာယာလှပရေးအတွက် ဌာနအနေနဲ့ ဆောင်ရွက်တာဖြစ် တယ်။ လမ်းလယ်ကျွန်းတွေမှာ စိုက်ထားတဲ့ အရိပ်ရအပင်တွေထဲက သေဆုံးသွားတဲ့အပင်တွေနေရာမှာ အစားထိုးစိုက်တာပါ”ဟု ၎င်းကပြောသည်။

ကမ်းနားလမ်းတစ်လျောက် သန့်ရှင်းသာယာလှပပြီး စိမ်းလမ်းစိုပြည်ရေးအတွက် ဇုန် ၆ ခုခွဲ၍ ဆောင်ရွက်နေပြီး ၂၆ လမ်းမှ ၃၅ လမ်းအတွင်း ဇုန်(၂)နှင့် ၃၅ လမ်းမှ ၄၁ လမ်းအတွင်း ဇုန်(၃)တို့မှ လမ်းလမ်းလယ်ကျွန်းများတွင် ၆ ပေဝန်းကျင် အမြင့်ရှိသော အရွယ်ရ တည်ပင် ၁၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ်းနားလမ်းတစ်လျောက်မှာ စိုက်ပျိုးထားတဲ့ သစ်ပင်တွေ ရှင်သန်အောင် ရေလောင်းပေါင်းသင်တာတွေကို ဌာနဝန်ထမ်းများနဲ့ လုပ်ပါတယ်။ ရာသီဥတုနဲ့ အခြားအခြေအနေတွေကြောင့် သေဆုံးသွားတာမျိုးတွေရှိတော့ စာရင်းကောက်ယူပြီး ခုလို မိုးကျတာနဲ့ စိုက်ပျိုးတာဖြစ်ပါတယ်။ ဒါမှလည်း ရှင်သန်မှာပါ”ဟု ဆက်လက်ပြောကြားသည်။

မန္တလေးမြို့၊ ဧရာဝတီမြစ်၊ ကမ်းနားလမ်းတစ်လျောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလမ်းစိုပြည်ရေးအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်နေသကဲ့သို့ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနအနေဖြင့် သေဆုံးသွားသော အပင်များစာရင်းပြုစု၍ အစားထိုး စိုက်ပျိုးသည့်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

မောင်အေးချမ်း