မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် မေ ၂၉

မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ၊ သက်တော် ၉၆ နှစ်၊ ဝါတော် ၇၆ ဝါရှိ သက်တော်ရှည် ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိရာ ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုသည်။

ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးအား ကျန်းမာရေးစစ်ဆေးပေးထားမှုများနှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားသည့် အခြေအနေများကို ကြည့်ရှုမေးမြန်းရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လုပ်ဆောင်နိုင်သည့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်ရေးတို့အတွက်ကိုလည်း ဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေသက်သာလာပြီး ကျောင်းတိုက်၌ ပြန်လည်သီတင်းသုံးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်လည်း လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို အလေးထားမှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။

အားပေးစကားပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။

လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ထိုသို့ အားပေးစကားပြောကြားရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

လက်ဆောင်ပစ္စည်းများ ပေးအပ်

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည် အဖွဲ့ဝင်များလိုက်ပါ၍ သားဖွားမီးယပ်နှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များကို တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ လိုက်လံအားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်းကိရိယာများ တပ်ဆင်အသုံးပြုလျက်ရှိသည့် အခြေအနေများနှင့် လူနာကုသဆောင်များ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်