မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့် မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေး ၁၆  ဧပြီ

           

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသော အချိန်အခါဝယ် ကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို မန္တလေးမြို့တွင် အေးချမ်းစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့ ညနေ (၆:၃၀)နာရီက မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် စည်ကားသိုက်မြို့က်စွာ ကျင်းပခဲ့သည်။

           

ဆုချီမြှင့်ပွဲတွင် သံချပ်ပြိုင်ပွဲတွင် ပထမဆုရရှိသော အောင်မြေသာစံမြို့နယ် အောင်စံမောင်သံချပ်အဖွဲ့အား ကျပ်သိန်း (၃၀)၊ ဒုတိယဆုရရှိသော မုံရွာမြို့ ဒေါင်းမျိုးဆက်အဖွဲ့အား ကျပ်သိန်း (၂၀)နှင့်  တတိယဆုရရှိသော မုံရွာမြို့ ကာဒိုင်းသံချပ်အဖွဲ့အား ကျပ် (၁၀)သိန်း၊ ယိမ်းအကပြိုင်ပွဲတွင် ပထမရရှိသော အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်မှ ရွှေမြန်မာမလေးများအဖွဲ့အား ကျပ်သိန်း (၂၀)၊ ဒုတိယဆုရရှိသော မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်၊ ရဲမွန်ရတနာလှပျိုဖြူအဖွဲ့အား ကျပ်(၁၅)သိန်း၊ တတိယဆုရရှိသော အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက် ရွှေပိတောက်ယိမ်းအဖွဲ့ အား ကျပ် (၁၂)သိန်း ဆုချီးမြှင့်ခဲ့သည်။

           

ထို့နောက် ပထမဆုရရှိသော အောင်စံမောင်  သံချပ်အဖွဲ့များနှင့် ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေမြန်မာမလေးများအဖွဲ့တို့က ပြန်လည်ဖျော်ဖြေတင်ဆက်ခြင်းနှင့် နိုင်ငံကျော်တေးသံရှင်များက ဆက်လက် ဧည့်ခံ ဖျော်ဖြေခဲ့ကြသည်။

 

1

 

၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နှစ်သစ်အကြို နှုတ်ခွန်းဆက်စကား ပြောကြားကာ ယိမ်းအကပြိုင်ပွဲနှင့် သံချပ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ ချီးမြှင့်ခဲ့သည်။

           

မန္တလေးမြို့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြို့က်စွာ ကျင်းပခဲ့ပြီး ပြည်သူများသည် သင်္ကြန်ပွဲတော်ကာလအတွင်း အတက်နေ့ညပိုင်းအထိ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

           

မန္တလေးမြို့တွင် ၂၀၁၉ ခုနှစ် ၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ကျုံးတောင်ဘက် (၂၆)လမ်းပေါ်တွင် ၆၆လမ်းနှင့် ၇၈ လမ်းကြားတွင်လည်းကောင်း၊ ကျုံးအရှေ့ဘက် ၆၆ လမ်း ၂၆ လမ်းမှ ၁၉ လမ်းအထိ တောသင်္ကြန် (အညာသင်္ကြန်) ပွဲတော်နှင့် ညဈေးတန်းကိုလည်းကောင်း၊ ကျူံးအနောက်ဘက် လမ်း ၈၀ ပေါ်တွင် သင်္ကြန်မဏ္ဍပ်ကြီးများ၊ ကျူံးမြောက်ဘက် ၁၂ လမ်းတွင် မိသားစုအလိုက် ရေကစားခြင်းများဖြင့် ကျူံးပတ်လည်တွင် စည်ကားလျှက်ရှိပြီး ၆၂ လမ်းရှိ မနော်ရမ္မံကွင်းတွင်လည်း တိုင်းရင်းသားသွေးချင်းများ၏ စုပေါင်းမဟာသင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ရာ နေရာတိုင်းတွင် တိုး၍မပေါက်အောင် စည်ကားခဲ့ကြောင်း သိရှိရသည်။

 

(သတင်း-ထွန်းထွန်းနိုင်၊ ဓါတ်ပုံ- မြင့်မော်ထွန်း)  

 

1