မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ရှားပါးမျိုးဖြစ်သည့် မြင်းကျား(အမ)တစ်ကောင်ပေါက်ဖွား

မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ရှားပါးသည့် မြင်းကျားအမတစ်ကောင် အခုလ ၁၅ ရက်က ပေါက်ဖွားခဲ့ကြောင်း သိရသည်။

 

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ရှားပါးသည့် အာဖရိကမျိုး မြင်းကျား အထီးနှင့် အမ တစ်စုံပြသထားရာ ၎င်းတို့မှ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁ နာရီက မြင်းကျားတစ်ကောင် မွေးဖွားခဲ့သည်။

 

“မြင်းကျားမှာ ပေါက်ဖွားရင် အထီးပဲများတယ်။ အမက ရှားတယ်။ ခုပေါက်တာကို အမလေးဖြစ်ပါစေလို့  ဆုတောင်းတာပေါ့။ အကောင်ပေါက်ပေါက်ခြင်း အနားကပ်ကြည့်လို့ အဆင်မပြေဘူး။ လန့်သွားမှာ၊ နို့မစို့ မှာစိုးလို့ ချက်ခြင်းအနားကပ်ကြည့်လို့မရဘူး။ အဝေးက ကြည့်ရတော့ အထီးလေးမှတ်နေတာ။ မနက်မိုးလင်း ၇ နာရီလောက်မှ အနီးကပ် သေချာကြည့်တော့ အမဖြစ်နေတယ်”ဟု တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အုပ်ချုပ်ရေးမှူး  ဦးသိန်းမြင့်အောင်က ပြောသည်။

 

ယခုမွေးဖွားသည့် မြင်းကျားအား ပြင်ဦးလွင် ပန်းပွဲတော် ဖွင့်ပွဲကျင်းပသည့်နေ့တွင် မွေးဖွားသောကြောင့် ပန်းကလေးဟု အမည်ပေးထားကြောင်း သိရသည်။ 

 

ဖခင်ဖြစ်သည့် မြင်းကျားအထီးမှာအမည်မှာ မိုက်ကယ်ဖြစ်ပြီး မိခင်မြင်းကျားအမည်မှာ ဂျက်မဟု အမည်ပေးထားကြောင်း သိရသည်။ 

 

အဆိုပါ မြင်းကျားသည် အာဖရိက မျိုးစိတ်ဖြစ်ပြီး နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ၂၀၁၃ ခုနှစ်က ရောက်ရှိခဲ့ ၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ကာ ၂၀၁၈ ဖေဖော်ဝါရီလက ကိုယ်ဝန်ဆောင်ခဲ့ရာမှ ယခုမွေးဖွားခဲ့ခြင်းဖြစ်သည်။

 

အာဖရိက မြင်းကျားများသည် တစ်နှစ်တွင် တစ်ခါ သားပေါက်လေ့ရှိပြီး ယခုပေါက်ဖွားသည့် မြင်းကျားအား ကျန်းမာရေးစောင့်ရှောက်ခြင်း၊ လုံခြုံရေးချပြီးစောင့်ရှောက်ထားကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်