မန္တလေးမြို့လေးပြင်လေးရပ်မှ သံဃာတော်(၁၀၂၆၄)ပါးအား ဆွမ်း၊ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မ အလှူငွေများ  ဆက်ကပ်လှူဒါန်း

မန္တလေး   မေ  ၁၄

 

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၄ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် သာသနာတော်နှစ်(၂၅၆၆)ခုနှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော်(၁၀၂၆၄)ပါးအား ပင့်ဖိတ်၍ဆွမ်း၊ဆွမ်းဟင်း၊လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် မန္တလေးကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့ရှိ မင်္ဂလာမဏ္ဍပ်များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒစရိယ မဟာဓမ္မိကာရာမတိုက် မိတ္ထီလာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇနပီယနှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မဟာဒမ္မိကာရာမတိုက် ရတနာပုံကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော ဆရာတော်ကြီးများ၊ မြို့နယ် အလိုက် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများ၊ ဌာနဆိုင်ရာများ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာအသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ အလှူရှင်များနှင့် ပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

 

ဦးစွာ မန္တလေးမြို့လေးပြင်လေးရပ်တို့မှ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော် (၁၀၂၆၄) ပါးက ကျုံးလေးပြင်လေးရပ်ရှိ မင်္ဂလာမဏ္ဍပ်အသီးသီးတို့နှင့် ယာယီသီတင်းသုံးနေရာများ၌ သီတင်းသုံးတော်မူကြသည်။

 

ယင်းနောက် နံနက် ၆ နာရီတွင် ဆရာတော်ကြီးများထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသော ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ ရေစက်ချ တရားနာယူကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ဆက်လက်၍ သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အလှူရှင်များက မန္တလေးကျုံးတောင်ပြင်ရပ်၌ လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့က ကျုံးအရှေ့ပြင်ရပ်၌ လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့က ကျုံးအနောက်ပြင် ရပ်၌လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့က ကျုံးမြောက်ပြင်ရပ်၌ လည်းကောင်း နေရာယူကြပြီး ကျုံးတစ်ဖက်လျှင်ဆရာတော် သံဃာတော် (၂၅၆၆)ပါးစီအား တစ်ပြိုင်တည်း လောင်းလှူကြသည်။

 

ယနေ့ပြုလုပ်သော အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ မိသားစုနှင့် တပ်မတော်သား မိသားစုဝင်များက လှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေ တန်ဖိုးစုစုပေါင်း ငွေကျပ် (၂၃၂,၁၅၇,၁၈၀)၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အလှူရှင် လုပ်သားပြည်သူ များက လှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေတန်ဖိုး စုစုပေါင်း ငွေကျပ်(၆၁၇,၈၄၅,၃၈၀)၊ စုစုပေါင်း လှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေတန်ဖိုး ငွေကျပ် (၈၅၀,၀၀၂,၅၆၀) တို့ကိုလှူဒါန်းခဲ့ကြကြောင်းနှင့် တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်(၂၁) မြို့နယ်၌ သံဃာတော်(၁၀၈)ပါးစီဖြင့် အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ခြင်းနှင့် ဆွမ်း၊ လှူဖွယ်ပစ္စည်း၊ အလှူငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)