မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာသည့် စုံတွဲအား  ပစ်ခဲ့သည့် သေနတ်မှာ ကျောင်းဆရာမ(ငြိမ်း) ထံမှ ရရှိခဲ့သဖြင့် ခြောက်ဦးအား လက်နက်မှုဖြင့် အမှုဖွင့်ထား

မန္တလေး ၂၉  ဇွန်

မန္တလေးမြိို့ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်းနှင့် လမ်း ၈၀ မီးပွိုင့်အနီးတွင် မီးနီးရပ်စောင့်နေသည့် စုံတွဲအား ပစ်ခဲ့သည့် သေနတ်မှာ ကျောင်းဆရာမ(ငြိမ်း)စား ထံမှရရှိခဲ့ကြောင်း သိရှိရသဖြင့် ကျောင်းဆရာမပါ ခြောက်ဦးအား ဇွန်လ ၂၈ ရက်နေ့က လက်နက်မှုဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

 

"ကျောင်းဆရာမ အငြိမ်းစားပေါ့ သူဆီကရတာ၊ သူ့အဖေက လဝကက လက်ထောက်ညွှန်ကြားရေးမှူး၊ သူ့အဖေကတော့ ဆုံးသွားပြီ၊ သူ့အဖေဆီက ရတယ်လို့တော့ ပြောတယ်၊ အဲ့တာကလည်း ဆက်ပြီး စုံစမ်းဆဲပါ၊ ကျောင်းဆရာမကလည်း လက်နက်ကို ကိုင်ခွင့်မရှိဘူးလေ၊ သူ့အဖေသေနတ်ဆိုလည်း နိုင်ငံတော်ကို အပ်ရမယ်လေ၊ ကိုင်ခွင့်မရှိတဲ့ သေနတ်ကို ကိုင်ဆောင်တယ်၊ ထိန်းသိမ်းထားတယ်၊ ပြီးရင် သူ့တပည့်ကို ပေးလိုက်တယ်လေ၊ ဒါတွေကတော့ ဖောက်ဖျက်မှုနဲ့ အရေးယူခံရမှာပဲ"ဟု မန္တလေးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေးက ပြောသည်။

 

ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီခွဲက ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၁)နေ မိုးဟိန်းကိုသည် ရည်းစားဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် ကျုံးတောင်ဘက်ခြမ်း အရှေ့မှအနောက် ၂၆ လမ်းအတိုင်း မောင်းနှင်လာပြီး လမ်း ၈၀ မီးပွိုင့်အနီးတွင် မီးနီရပ်စောင့်နေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးက နောက်မှရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ သေနတ်ဖြင့်ပစ်ခဲ့သူ ရဲမာန်(ခ)ဝေယံကျော်မှာ ဆိုင်ကယ်နောက်ပါ မိန်းကလေးနှင့် သမီးရည်းစား ပြဿနာကြောင့် သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ပြီး သေနတ်မှာ ကျောင်းဆရာမ အငြိမ်းစားက တပည့်ဖြစ်သူ စောမင်းခန့်ကျော်အား လွှဲပေးခဲ့ကြောင်း၊ စောမင်းခန့်ကျော်မှ ရဲမာန်(ခ)ဝေယံကျော်ကို ထပ်မံတရားမဝင်လွှဲပေးခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့်ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် လမင်းနိုင်(ခ)မောင်ဝိုင်း၊ စိုင်းသူရဦး၊ မင်းသူရိန်(ခ)သူရိန်ခန့် နှင့် ရဲမာန်(ခ)ဝေယံကျော်တို့အား အမှတ် ၂ နယ်မြေရဲစခန်းတွင် လက်နက်ဥပဒေပုဒ်မအရ ထပ်မံအမှုဖွင့်ထားကြောင်း သိရသည်။

ဖြိုးအိ