မန္တလေးမြို့၌ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်

မန္တလေး မေ ၂၃

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း)ကျောင်းများ ကို ဇွန်၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးရက်သတ္တပတ်ကို မေ ၂၃ ရက်မှ ဇွန် ၂  ရက်အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဆောင်ရွက်ကြသည်။ 

 

မန္တလေးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းသားမိဘ များနှင့် ကျောင်းသားကျောင်းသူများ ကျောင်းလာရောက်အပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချော မွေ့စေရေး၊ ကျောင်းသားစာရင်း ပေးသွင်းရာတွင် စည်းကမ်းတကျဖြစ်စေရေးတို့အတွက် ကြီးကြပ် ဆောင်ရွက်ပေးကြသည်။

 

ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်ပေးခြင်းများနှင့် စပ်လျဉ်း၍ အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုး က ကျွန်တော် တို့ကျောင်းမှာ ကျောင်းအပ်နှံမယ့်ကလေးတွေက အရင်ထက်ပိုများပါတယ်၊ ကျွန်တော်တို့ကလည်း နိုင်ငံတော် အကြီးအကဲနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်အတိုင်း ကျောင်းနေအရွယ်ကလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ဖြစ်တဲ့ကလေးတွေ အားလုံးကို ကျောင်းအပ်လက်ခံဖို့ ရှိပါတယ်၊ ကျွန်တော်တို့မှာ ဆရာအင်အားနဲ့ ကျောင်းဆောင်တွေလည်း အပြည့်ရှိပါတယ်၊ အခမဲ့ပညာသင်ကြားပေးခြင်း စနစ်ဖြစ်တဲ့အတွက် ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ၊ စာရေးကိရိယာတွေလည်း ပေးပါတယ်၊ ကျောင်းအပ်နှံဖို့ သတ်မှတ်ထားတဲ့ မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်နေ့အထိ၊ ကလေးတွေကို ပိတ်ရက်မရှိဘဲ ကျောင်းအပ်လက်ခံသွားပါမယ်၊ ကျောင်းဖွင့်ရင်လည်း စာကိုအပြည့်အဝသင်ကြား ပေးသွားမှာဖြစ်ပါတယ်၊ ဒါကြောင့် ကျောင်းနေ အရွယ်ကလေးတွေ ကျောင်းအမြန်ဆုံးအပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်ဟုပြောသည်။ 

 

ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး အတွက် မည်သည့်ငွေကြေးမှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးနေပြီး ကျောင်းသုံး ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများကိုလည်း ထောက်ပံ့ပေး လျက်ရှိသည်။ 

 

ကျောင်းသားမိဘတစ်ဉီးကလည်း ကျောင်းအပ်နှံရတာအားလုံး အဆင်ပြေပါတယ်၊ ဆရာ၊ ဆရာမတွေ ကလည်း ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို သေချာလေးရှင်းပြပေးပြီး ဆောင်ရွက်ပေးပါ တယ်၊ ကျွန်တော်တို့သား၊ သမီးတွေရဲ့ပညာ ရေးမနှောင့်နှေးစေ ချင်တဲ့အတွက် အချိန်မီလာရောက် အပ်နှံခြင်းလည်း ဖြစ်ပါတယ်၊ ကျောင်းသုံးစာအုပ်တွေ၊ စာရေးကိရိယာတွေကိုလည်း အခမဲ့ပေးတဲ့ အတွက် ကျေးဇူးလည်းတင်ရှိပါတယ်၊ ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ သား၊ သမီးတွေကို ကျောင်းအမြန်ဆုံး လာရောက်အပ်နှံကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်ဟု ပြောသည်။

         

ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင်လည်း ကျောင်းသား၊ ကျောင်းသူများသန့်ရှင်း သပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ထားရှိပြီး ကျောင်းအပ်နှံရေးရက် သတ္တပတ်အတွင်း၌လည်း မန္တလေးမြို့ရှိ ကျောင်းများ၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

 

မန္တလေးတိုင်းဒေသကြီးအတွင်း၌ အခြေခံပညာကျောင်းပေါင်း ၄၁၉၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်းပေါင်း ၂၃၅ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၃၁၁ ကျောင်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။  

မောင်အေးချမ်း