မန္တလေးမြို့ရှိ ကြေးသွန်းလုပ်ငန်းများတွင် ဆင်းတုတော်အော်ဒါအပ်နှံသူများနှင့် ပုံတူရုပ်ထုအပ်နှံသူ များပြားကာ အရောင်းအဝယ်ကောင်းနေ

မန္တလေး ဧပြီ ၆

မန္တလေးမြို့ရှိ ကြေးသွန်းလုပ်ငန်းများတွင် ပြည်သူများမှ ကြေးသွန်းဆင်းတုတော် အော်ဒါအပ်နှံသူများနှင့် ပုံတူရုပ်ထုအပ်နှံသူ များပြားစွာရှိနေ၍ နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်နေရကာ အရောင်းအဝယ်များကောင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ ပြည့်ဝ ကြေးသွန်းလုပ်ငန်းပိုင်ရှင် ဦးအောင်အောင်မိုးက ပြောသည်။

လက်ရှိအချိန်တွင် ကြေးသွန်းလုပ်ကိုင်သူများနှင့် ရောင်းဝယ်ရေး လုပ်ကိုင်နေသူများသည် အပ်နှံသူများနှင့် မှာယူသူများရှိနေ၍ အရောင်းအဝယ်များ ကောင်းနေကြောင်း၊ သင်္ကြန်မတိုင်မီကာလတွင်လည်း ဆရာတော်ပုံတူရုပ်ထု အပ်နှံထားသူများကို ပြန်လည်ပေးအပ်နိုင်ရေးအတွက် လုပ်ဆောင်နေရကြောင်း၊ ဈေးနှုန်းများအနေဖြင့် ပုံတူရုပ်ထုတစ်ပုံလျှင် ငွေ ကျပ် ၆၅ သိန်း၊ ကြေးဆင်းတုတော်များအနေဖြင့်လည်း သုံးပေအရွယ်အစားဆိုပါက ငွေကျပ် ၁၈ သိန်းမှ ၁၉ သိန်း၊ သုံးပေခွဲအရွယ်အစားဆိုပါက ငွေကျပ် ၂၅ သိန်းရရှိကြောင်း သိရသည်။

“ကြေးသွန်းလုပ်ငန်းက အော်ဒါအပ်သူများနဲ့ ပုံတူရုပ်ထုအပ်သူများပြားနေပါတယ်။ ဒီရက်ပိုင်းမှာ ကြေးဘုရားဆင်းတုတွေကတော့ သုံးပေနဲ့ သုံးပေခွဲတွေ အရောင်းအဝယ်ဖြစ်နေတယ်။ ဆိုင်တိုင်းနီးပါး အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ လက်ရှိမှာ ဆရာတော်ပုံတူရုပ်ထု သုံးပုံ၊ လေးပုံလောက်ရှိတာကို သင်္ကြန်အမီကိုလည်း ပြန်အပ်ပေးဖို့ရှိပါတယ်။ ပုံတူရုပ်ထုတွေကတော့ လူအရွယ်အစားပေါ်ကြည့်ပြီး ဈေးကတော့ယူတာပါ။ ကြေးဆင်းတုတွေဆိုရင်လည်းပဲ ယခုချိန်မှာ ကြေးဈေးနှုန်းတွေ တက်နေတာကြောင့် ခန့်မှန်းဈေးနှုန်းအနေနဲ့သာ ပြောတာပါ။ အမှန်တကယ်ဝယ်ယူသူများနဲ့ ငွေချေပြီဆိုတော့မှ ဈေးနှုန်းဘယ်လောက်ဆိုတာ အတိအကျသိရတာပါ။ မှာယူသူစိတ်ချမ်းသာအောင် လက်ရာအကောင်းဆုံး၊ ကြေးသားအကောင်းဆုံးနဲ့ ပြုလုပ်ပေးသွားမှာပါ။ လွန်ခဲ့တဲ့နှစ် ၅၀ ကနေစပြီးတော့ လက်ရာရော၊ အရည်သွေးရောမကျအောင် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီထက်မက ဆက်လက်ပြီးတော့လည်း ကြိုးစားဆောင်ရွက်သွားမှာပါ” ဟု ၎င်းကပြောသည်။

အဆိုပါ ကြေးသွန်းလုပ်ငန်းတွင် ကြေးဘုရားဆင်းတုတော်များဖြစ်သော မုဒြာအစုံကြေးဆင်းတုတော်များကို ပြုလုပ်ပေးခြင်းနှင့်အတူ ပုံတူရုပ်ထုလုပ်ငန်းကို အဓိကထားလုပ်ဆောင်ကြောင်း၊ အဆိုပါ ကြေးဘုရားဆင်းတုတော်များနှင့် ပုံတူရုပ်ထုများကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည် အနှံ့အပြားတို့မှ အပ်နှံသူများနှင့် မှာယူသူများရှိနေ၍ ပို့ဆောင်ကာရောင်းချနေရကြောင်း၊ ကြေးသွန်းလုပ်ငန်းများအနေဖြင့် လက်ရှိအချိန်တွင် အရောင်းအဝယ်များကောင်းနေကြောင်း သိရသည်။

မောင်အေးချမ်း