မန္တလေးမြို့ရှိ ကြက်သွန်နီ လက်ကားဈေးကွက်တွင် တစ်ပိဿာ ကျပ် ၂၀၀ ဝန်းကျင် ဈေးမြင့်တက်လာ

မန္တလေး ဧပြီ ၃၀

 

မန္တလေးမြို့ရှိ ကြက်သွန်နီ လက်ကားဈေးကွက်တွင် ဧပြီ ၂၀ ရက်နောက်ပိုင်း တစ်ပိဿာလျှင် ငွေကျပ် ၂၀၀ ဝန်းကျင် ဈေးမြင့်တက်လာခဲ့ပြီး မြစ်သားကြက်သွန်မှာ ဈေးကွက်တွင် လက်ကျန်နည်းပါးသွားပြီဖြစ်ကြောင်း မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ကိုင်းတန်းဈေးရှိ ကြက်သွန်ပွဲရုံများထံမှ သိရသည်။

 

“မြစ်သား အစစ်ကြက်သွန်နီက ဈေးကွက်မှာမရှိသလောက် ရှားသွားပြီး ရွှေဘို ကြက်သွန်နီနဲ့ တခြားဒေသထွက် ကြက်သွန်တွေပဲ ဈေးကွက်မှာရှိတယ်။ ခုကာလမှာ ကြက်သွန်နီတွေက အစိုမရှိတော့ဘူး။ သင်္ကြန်မတိုင်မီက ဈေးနဲ့ လက်ရှိဈေးကွက်ယှဉ်ရင် လက်ကားဈေးကွက်မှာ တစ်ပိဿာ ၂၀၀ လောက် ဈေးမြင့်လာတယ်”ဟု ကိုင်းတန်းဈေးမှ ကြက်သွန်ပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။

 

လက်ရှိကြက်သွန်နီပေါက်ဈေးမှာ မြစ်သားကြက်သွန်နီ အကြီးအသေးရောရာ တစ်ပိဿာ ငွေကျပ် ၁၇၀၀ ဝန်းကျင်ရှိပြီး လက်လီတွင် ၂၀၀၀ ဝန်းကျင်ရှိကြောင်း၊ အခြားကြက်သွန်နီထိပ်စမှာ နယ်အထိုင်ဈေး တစ်ပိဿာ ၁၃၅၀ ကျပ်၊ အညံ့မှာ ငွေကျပ် ၁၀၀၀ / ၁၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

 

“လာမယ့် မေနဲ့ ဇွန်လတွေမှာ ဈေးနှုန်းက အတက်ဘက်ကို သွားနိုင်တယ်။ မြန်မြန်တက်တာနဲ့ ဖြေးဖြေးတက်တာ တစ်ခုခုဖြစ်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ အရောင်းအဝယ်မကောင်းဘဲ ဈေးတက်လာမယ့် အနေအထားပါ။ ကြက်သွန်အသစ်မရှိတော့သလို တောင်သူတွေထဲမှာလည်း လက်ကျန်မရှိသလောက် ဖြစ်သွားပြီ” ဟု ဆက်လက်ပြောကြားသည်။

 

မန္တလေးကြက်သွန်နီဈေးကွက်တွင် ရွေဘို၊ မကွေး၊ မြင်းခြံ၊ မုံရွာ ဒေသများမှ ထွက်ရှိလာသည့် ကြက်သွန်နီများ ဝင်ရောက်ကာ အရောင်းအဝယ်ပြုလုပ်နေကြောင်း၊ မြစ်သားကြက်သွန်နီမှာ ဈေးတန်းမြင့်သောကြောင့် လက်လီစားသုံးမှုနည်းပါးပြီး ပခုက္ကူကြက်သွန်နီမှာ ရန်ကုန်နှင့် ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ကြကြောင်း သိရသည်။

 

မောင်အေးချမ်း