မန္တလေးမြို့တွင် (၁၀) ရက်အတွင်း ဧရာဝတီမြစ်ရေမှာ အနိမ့်ဆုံးသတိပေးရေမှတ်အောက် ရောက်ရှိနိုင်

မန္တလေး ၂၀ ဇန်နဝါရီ

 

မန္တလေးမြို့တွင် ဇန်နဝါရီ ၁၈ ရက် မှစတင်၍ ၁၀ ရက်အတွင်း ဧရာဝတီမြစ်ရေမှာ မန္တလေးမြို့၏ အနိမ့်ဆုံး သတိပေးရေမှတ်အောက် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးဌာနခွဲမှ သိရသည်။

 

ယနေ့ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ ၃၆၇ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၁၀ ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် စင်တီမီတာ ၃၆၀ အောက်သို့ ရောက်ရှိ နိုင်ကြောင်းသိရသည်။

 

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၂၀၁၅ ခုနှစ်မှစတင်၍ သုံးနှစ်ဆက်တိုက် အနိမ့်ဆုံး ရေမှတ်အောက်သို့ရောက်ရှိထား ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

 

လာမည့်ဇန်နဝါရီ ၂၀ ရက်မှ ၃၁ ရက် အတွင်းဧရာဝတီမြစ်ရေသည် မြစ်ကြီးနား ၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့်ဇလွန် မြို့တို့တွင် လက်ရှိရေမှတ်များအောက် ပေဝက်ခန့် ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အနိမ့်ဆုံးရေမှတ်ရောက်ရှိခဲ့သည့် နှစ်များမှာ ၂၀၁၅ ခုနှစ်တွင် ၃၁၃ စင်တီမီတာဖြင့် ပထမ၊ ၂၀၁၀ ပြည့်နှစ်တွင် ၃၄၂ စင်တီမီတာ ဖြင့် ဒုတိယ၊ ၂၀၁၄ ခုနှစ်တွင် ၃၄၄ စင်တီ မီတာဖြင့် တတိယအနိမ့်ဆုံးရေမှတ်များသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

 

သူရိန်လင်း