မန္တလေးမြို့တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးနေသည့် တရားခံများကို ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂၁

 

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား သော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့သော အကြမ်းဖက်လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်း၊ အားပေးကူညီခြင်းနှင့် ငွေကြေးထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့လျှင် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူ ခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည် ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 

၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက် နံနက် ပိုင်းတွင် PDF အမည်ခံအကြမ်းဖက် အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးနေသည့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်နေ မွန်သူအောင်အား အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

 

တရားခံ မွန်သူအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် မြန်မာသူရကျောက်မျက်ကုမ္ပဏီ၌ ယာဉ်မောင်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ကျော်သူရသည် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေးအမြောက်အမြား ထောက်ပံ့ကူညီ ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ကျော်သူရအား ချမ်းအေးသာစံမြို့နယ် ဇေယျာသီရိလမ်းသွယ် ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက် ကုမ္ပဏီခြံဝင်းအတွင်းရှိ နေအိမ်အိပ်ခန်းအတွင်းမှ Sigsauer ပစ္စတို တစ်လက်၊ ၎င်းကျည် ၁၂ တောင့်၊ ကျည်အိမ် နှစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

mdn

 

တရားခံ မွန်သူအောင်နှင့် ကျော်သူရတို့၏ ထွက်ဆိုချက်များအရ ဆူပူဆန္ဒပြ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် အဖွဲ့များအား အောက်ပါအတိုင်း ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

 

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးမှု ၃၅ ကြိမ်၊ ငွေကျပ် ၁၉၄၇ သိန်း၊ ALPHARD ကားတစ်စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် တရုတ်ယွမ် ၁၉၀၀၀။

 

ကျောက်မျက် လုပ်ငန်းရှင်များ ကိုယ်စားပြု၍ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ အား ငွေကြေးထောက်ပံ့ပေးမှု သုံးကြိမ်၊ ငွေကျပ် ၁၃၃ သိန်း။

 

လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတို့ကို လုပ်ဆောင်၍ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ တရားခံပြေး အိပန်ဆယ်လို (ခ) အိမ့်ပိုးဥအား ငွေကြေး ထောက်ပံ့ပေးမှု ခုနစ်ကြိမ်၊ ငွေ ကျပ်သိန်း ၃၉၀၀ ။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု သုံးကြိမ်၊ ငွေ ကျပ်သိန်း ၁၂၀။

 

မန္တလေးမြို့အတွင်း အကြမ်း ဖက်ဆူပူဆန္ဒပြသူများအား ငွေ ကျပ်သိန်း ၅၀။

 

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင်တရားခံ ကျော်သူရသည် ဆူပူ ဆန္ဒပြလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ နှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် အဖွဲ့များအား စုစုပေါင်း ငွေကျပ် ၆၁၅၀ သိန်း၊ ALPHARD ကား တစ်စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ၊ တရုတ်ယွမ် ငွေ ၁၉၀၀၀ တို့ကို ထောက်ပံ့ကူညီခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။         

 

သို့ဖြစ်ပါ၍ တရားခံ ကျော်သူရနှင့် မွန်သူအောင်တို့သည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့ နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များအား ငွေကြေးအဓိက ထောက်ပံ့ပေးနေသူဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် တည်ဆဲဥပဒေများအရ ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုနှင့် သက်ဆိုင်သော နေအိမ်၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ အောက်ပါအတိုင်း နိုင်ငံဘဏ္ဍာအဖြစ် ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်-

 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက် တွင် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ၃၃ လမ်း နှင့် ၅၂ လမ်းထောင့်ရှိ မြန်မာ သူရကျောက်မျက်ကုမ္ပဏီ နှင့် နေအိမ်ခြံဝင်းအတွင်းရှိ အဆောက်အဦ လေးလုံး၊ မော်တော်ယာဉ်မျိုးစုံ ငါးစီး။

 

ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် ၈၈ (ဘီ)လမ်း ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အဆောက်အအုံ သုံးလုံး၊ မော်တော်ယာဉ်မျိုးစုံနှစ်စီး၊ မီးစက် နှစ်လုံး၊ ကျောက်စိမ်းဖြတ်သားမျိုးစုံ တန် ၈၀ ခန့်။

 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက် တွင် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် စစ်ကိုင်း လမ်းနှင့် သဇင် (၆) လမ်းထောင့် ရှိ ခြံဝင်းနှင့် အဆောက်အဦ တစ်လုံး။

 

ဒက္ခိဏသီရိမြို့နယ် ကြာပင်အုပ်စု ကျောက်မျက်ကွက်သစ် လုံးခင်းလမ်းရှိ ခြံဝင်းနှင့် အဆောက်အအုံ နှစ်လုံး။

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက် ရွှေလမ်းမကြီး ဘေး A လမ်း နှင့် B လမ်းကြား ရှိ ခြံဝင်းနှင့် အဆောက်အဦ တစ်လုံး။

 

ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက် ကုမ္ပဏီခြံဝင်း အတွင်း၌ အဆောက်အဦမျိုးစုံ ၁၈ လုံး၊ ကျောက်စိမ်းဖြတ်သားနှင့် အရိုင်းတုံးမျိုးစုံ ၁၉၃ တန်၊ မီးခံသေတ္တာနှစ်လုံး၊ MITSU-BISHI အမျိုးအစား ပစ္စည်းတင် မော်တော်ယာဉ် တစ်စီး။

 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၀ ရက် တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာရှိ ၁၀ ဧကကျယ် ဝန်းသည့် ကုမ္ပဏီလုပ်ကွက်နှင့် အဆောက်အဦမျိုးစုံ ခုနစ်လုံး၊ ကျောက်ဖောက်စက် လေးလုံး၊ ကျောက်ဖြတ်စက်အကြီး လေးလုံး၊ ကျောက်ဖြတ်သား တန် ၃၀၊ မြေသယ်ယာဉ်မျိုးစုံ ၁၄ စီး၊ ရေသယ်ယာဉ် နှစ်စီး၊ ဘက်ဟိုးယာဉ် ငါးစီး။

 

mdn

 

 

သို့ဖြစ်၍ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် တရားခံကျော်သူရ ပိုင်ဆိုင်သည့် နေအိမ်၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၁၈၄၄၉ ခန့်အား နိုင်ငံဘဏ္ဍာအဖြစ် ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း။

 

တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့မှုများလုပ်ဆောင်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ကျော်သူရအပြင် ကျောက်မျက်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် အခြားစီးပွားရေး လုပ်ငန်းရှင်များသည်လည်း အလားတူ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများအရ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ် မှ ငွေကြေးထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေး သူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင် ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

 

သတင်းစဉ်