မန္တလေးမြို့တွင် အမေရိကန်ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်လုပ်ဆောင်နိုင်ရန် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးမည်

မန္တလေး ၂ အောက်တိုဘာ

မန္တလေးမြို့တွင် အမေရိကန်ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အမေရိကန်နိုင်ငံမှ ကုမ္ပဏီများ လာရောက်၍ စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဆွေးနွေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း(MRCCI)ထံမှ သိရသည်။

ဆွေးနွေးပွဲကို အမေရိကန်သံရုံးမှ ဒုတိယသံအမတ်တို့ဦးဆောင်ကာ အမေရိကန်ကုမ္ပဏီများနှင့်  ကိုယ်စားလှယ် ဦးရေ ၃၀ သည် မန္တလေးမြို့သို့ Business Mission အသင်းတွင် အောက်တိုဘာ ၃ရက် မွန်းလွဲ ၁ နာရီတွင် MRCCI အသင်း၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဆွေးနွေးမည်ဖြစ်သည် ။

"မန္တလေးမှာ ရင်းနှီးမြှုပ်နှံမှုကိုတိုးမြှင့်ဖို့ ဒီကကုမ္ပဏီတွေနဲ့ လာတွေ့တာပေါ့။ အမေရိကန်ကုမ္ပဏီ တော်တော်များများ လဲပါပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုကော ပူးပေါင်းဆောင်ရွက်မှုများပါ တိုးမြှင့်လုပ်ဆောင်သွားကြမှာပါ "ဟု အဆိုပါအသင်းဗဟိုအလုပ်အမှုဆောင် ဦးဝင်းဌေးက ပြောသည်။

မြန်မာနိုင်ငံတွင် တယ်လီကွန်လုပ်ငန်း၊အာမခံလုပ်ငန်း၊ လက်ကားရောင်းချခြင်းနှင့် ဖြန့်ချိရေးလုပ်ငန်းများကို အလျင်အမြန်တိုးတက်စေရန် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာရပ်ဆိုင်ရာများ၊ မော်တော်ကား လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဆိုင်ရာများတွင်လည်း အမေရိကန်စီးပွားရေးလုပ်ငန်းများ ပိုမိုပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ အမေရိကန်ကုမ္ပဏီ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ရှိ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် တွေ့ဆုံ ဆွေးနွေးလိုသော လုပ်ငန်းရှင်များအနေဖြင့် MRCCI အသင်းသို့ တက်ရောက်နိုင်ကြောင်း သိရသည်။

သူရိန်လင်း