မန္တလေးမြို့တွင် Fitness နှင့် ကျန်းမာရေးပွဲတော်  ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ ကျင်းပမည်

မန္တလေး   ၁၃   ဇန်နဝါရီ 

အားကစားနှင့်ကာယပညာဦးစီးဌာန လမ်းညွှန်မှုဖြင့် မန္တလေးမြို့တွင် ပထမဦးဆုံး Fitness နှင့် ကျန်းမာရေးပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း (King Unique Myanmar )KUM event & entertainment agency မှ သိရသည်။

အဆိုပါ   Fitness နှင့် ကျန်းမာရေးပွဲတော် ကျင်းပမည့်ကိစ္စနှင့် စပ်လျဉ်း၍ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းအချိန်က  မန္တလေးမြို့ရှိ မင်္ဂလာမန္တလေးရှိ ပရိုမိုရှင်းဧရိယာတွင် စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
  
''ကျန်းမာရေးကို လိုက်စားခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ ဆောင်ပုဒ်အတိုင်း fitness ဆော့ကစားသူတိုင်းက ပိုင်ဆိုင်ပြီးသားဖြစ်တယ်။fitness ဆော့ကစားတဲ့သူတွေ တိုးပွားလာတဲ့အမျှ ကျန်းမာခြင်းလာဘ်တစ်ပါးကို ပိုင်ဆိုင်တဲ့သူတွေ များပြားလာမှာ ဖြစ်တယ်။ အဓိကက ကျန်းမာရေးလိုက်စားတဲ့သူ  fitness စိတ်ဝင်းစားတဲ့သူပိုမိုတိုးပွားလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲလေးကို ကျင်းပရခြင်းဖြစ်ပါတယ်။''ဟု ဦးဆောင်စီစဉ်သူ KUM event & entertainment agency မှ ကိုကေ ကပြောသည်။

အဆိုပါ   Fitness နှင့် ကျန်းမာရေးပွဲတော်ကို KUM event & entertainment agency  မှ ဦးဆောင်၍ ENERVON-C ၏ အဓိကကူညီပံ့ပိုးမှုဖြင့် မန္တလာသီရိ  Multipurpose Stadium တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ ပြိုင်ပွဲ၊ပြပွဲ၊ဆွေးနွေးပွဲ၊ဖျော်ဖြေပွဲအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း KUM event & entertainment agency မှ သိရသည်။

ပွဲတော်စတင် ကျင်းပသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင်  Fitness Dance Competition ကို အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းကျင်းပမည်ဖြစ်၍  မန္တလေး (၇)မြို့နယ်မှ အသင်း(၁၄)သင်းနှင့် အခြားသီးသန့်အသင်းများ စုစုပေါင်း Fitness Dance အကအဖွဲ့ပေါင်း ၂၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အဖွဲ့များထဲမှ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သည့် အသင်း ၅ သင်းကို ရွေးချယ်၍ နောက်ဆုံးနေ့တွင် ဆုရွေးချယ်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင်  Fitness Talk Show အဖြစ် ကျန်းမာရေးနှင့် Fitness ဆိုင်ရာ အကြောင်းအရာများကို ဆရာဇေယျာထွန်းဖြူ (Rehab Trainer Educator)၊ ဒေါက်တာညီညီကျော်နှင့် အာရှနှင့်အရှေ့တောင်အာရှတို့မှာ ဆုရရှိထားသူ နန်းလောက်ခမ်းတို့မှ ဆွေးနွေးကြမည်ဖြစ်၍ ပညာရပ်ဆိုင်ရာများနှင့် သိလိုသည်များကို လွတ်လပ်စွာမေးမြန်းနိုင်ကြောင်းနှင့် Fitness Fashion Show နှင့်အတူ ယနေ့ခေတ် trend ဖြစ်နေသော Fitness wear & sport wear များကို ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှသည့် မော်ဒယ်လေးများမှ ဝတ်ဆင်ပြသမည့်အစီအစဉ်၊ မျက်လှည့်ဖျော်ဖြေပွဲအစီအစဉ်၊ Dancer များ၏ အကအစီအစဉ်၊ နာမည်ကြီးတေးသံရှင်တစ်ဦး၏ သီဆိုဖျော်ဖြေမှုအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း KUM event & entertainment agency မှ သိရသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နောက်ဆုံးအဆင့် Fitness Dance အသင်း ၅ သင်းအား ပြိုင်ပွဲကျင်းပ၍ ဆုရွေးချယ်မည်ဖြစ်ရာ ဆုရရှိမည့်အဖွဲ့များအား ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်းနှင့် နှစ်သိမ့်ဆုရ နှစ်သင်းအား ကျပ်တစ်သိန်းစီ ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် အဆိုပါနေ့ ညနေ ၅ နာရီမှ ၇ နာရီအထိကျင်းပမည့် Zumba Party ကို အာရှနှင့် သြစတေးလျမှာ Official Zumba Instructor (ZIN) များ မွေးထုတ်ပေးနေသော ZES (Zumba Education Specialist) Calrolina Arias မှ ဦးဆောင်တင်ဆက်မည်ဖြစ်ရာ ထိုပွဲကိုမှု ဝင်ကြေးဖြင့်ကျင်းပမည်ဖြစ်၍ တစ်ဦးလျှင် ဝင်ကြေး ၈၀ဝဝ ကျပ်  သတ်မှတ်ထားကြောင်း အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

တင်မောင်(မန်းကိုယ်ပွား)