မန္တလေးမြို့တွင် ကိုယ်ပိုင်ကျောင်းပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ကျင်းပ

မန္တလေး ၁၆   နိုဝင်ဘာ

 

ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းပေါင်းစုံ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများဖွင့်ပွဲကို မန္တလေးမြို့၊ ၇၃ လမ်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ အားကစားကွင်းတွင် ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်သည်။

 

ဖွင့်ပွဲတွင် အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင် က အဖွင့်အမှာစကားပြောကြားပြီး  မန္တလေးတိုင်းဒေသကြီး အားကစားပေါင်းစုံကော်မတီ ဉက္ကဋ္ဌ ဦးကျော်အောင်ဆန်းက အမှာစကားပြောကြားသည်။ ထို့နောက် ပြေးခုန်ပစ်အားကစားကော်မတီ မှ ကြီးကြပ်ရေးမှူး ဒေါ်သီတာဦးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

၄င်းနောက် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျား/မ မီတာ(၆၀) အပြေးပြိုင်ပွဲ၊ မီတာ(၆၀)လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျား/မ မီတာ(၁၀၀၊၂၀၀၊၄၀၀) အပြေးပြိုင်ပွဲနှင့် မီတာ(၁၀၀) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ အခုန်ပြိုင်ပွဲနှင့် သံလုံးပစ်/သံပြားပစ်ပြိုင်ပွဲ များ၊ အထက်တန်းအဆင့် ကျား/မ မီတာ(၁၀၀၊၂၀၀၊၄၀၀)အပြေး ပြိုင်ပွဲ၊ မီတာ(၁၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အခုန်ပြိုင်ပွဲနှင့် သံလုံးပစ်/သံပြားပစ်ပြိုင်ပွဲများအား ကျင်းပခဲ့ကြသည်။

 

အဆိုပါ ပြိုင်ပွဲများကို နိုဝင်ဘာ ၁၆ ရက် မှ ၁၇ ရက်အထိ (၂)ကြာ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်ကျောင်းပေါင်း(၃၅)ကျောင်း မှ ကျောင်းသား/သူ (၁၀၀၀)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီ တွင် အားကစားနှင့်ကာယပညာ သိပ္ပံအားကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)