မန္တလေးမြို့တွင် ကျင်းပလျက်ရှိသည့် သရက်သီးဈေးရောင်းပွဲတော်တွင် သရက်သီးတစ်လုံးလျှင် မြန်မာငွေကျပ် ၅၀ တန်ဖြင့် ရောင်းချပေးမည်

မန္တလေး   ၁၆  မေ 

 

မန္တလေးမြို့တွင် မေလ ၁၆ ရက်မှ စတင်ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် သရက်သီးနှင့် သရက်သီး တန်ဖိုးမြင့် ထုတ်ကုန်ဈေးရောင်းပွဲတော်တွင် သရက်သီးတစ်လုံးလျှင် မြန်မာငွေစက္ကူ ၅၀ ကျပ်ဖြင့် ရောင်းချပေးမည့် အစီအစဉ်များအပြင် သရက်သီးစတုဒိသာကျွေးမွေးခြင်းအစီအစဉ်များ ပါဝင်ထည့်သွင်းထားကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။

 

အဆိုပါပွဲတော်ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကုသိုလ်တော်ဘုရားအနီးတွင် မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ကြီးမှူး၍ မေလ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည် ဖြစ်ရာ ပွဲတော်သို့ လာရောက်ကြည့်ရှုသူများ၊ မြန်မာ့သရက်သီးကို လူတန်းစားမရွေး ချစ်မြတ်နိုးစွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ပွဲတော်နောက်ဆုံးရက်ဖြစ်သော မေလ ၁၈ ရက် ကဆုန်လပြည့်နေ့တွင် အဆိုပါအစီအစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

''ဒီနှစ်ကျင်းပတဲ့ သရက်သီးပွဲတော်က ထူးထူးခြားခြား ကဆုန်လပြည့်နေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် သရက်သီး အလုံး တစ်ထောင်ကျော်ကို ခွဲပြီးတော့ သရက်သီး စတုဒိသာ ကျွေးမွေးမယ့် အစီအစဉ်အပြင် သရက်သီးရဲ့ တန်ဖိုးကို လျော့ချခြင်း မဟုတ်ဘဲ မြန်မာ့သရက်သီးကို ချစ်မြတ်နိုးစွာ စားသုံးနိုင်စေဖို့ ရည်ရွယ်ပြီး သရက်သီးတစ်လုံးကို မြန်မာငွေစက္ကူ ၅၀ ကျပ်တန်နဲ့ ရောင်းချပေးမယ့် အစီအစဉ်ကိုလည်း ကဆုန်လပြည့်နေ့မှာ တစ်ပြိုင်းတည်းကျင်းပသွားမှာ ဖြစ်ပါတယ်။ သရက်သီး နှစ်ထောင်ကျော် သုံးထောင်လောက် ရောင်းချသွားဖို့ ခန့်မှန်းထားပြီး ရောင်းရငွေအားလုံးကို ကုသိုလ်တော်ဘုရားမှာ လှူဒါန်းသွားမှာပါ'' ဟု ၎င်းက ပြောသည်။

 

ထို့ပြင် ယခုနှစ်သရက်သီးပွဲတော်တွင် တောင်သူများအတွက် နည်းပညာမျှဝေပေးမည့် အစီအစဉ်များ နှင့်အတူ မိမိတို့ရောင်းချမည့် သရက်သီးများအား ပြသရန် ပြင်ဆင်ထားရှိသည့် ဆိုင်ခန်းအခင်းအကျင်း ပြိုင်ပွဲများလည်း ပါဝင်ကြောင်း သိရသည်။

 

''မြန်မာ့သရက်သီးကို နိုင်ငံတကာ ဈေးကွက်မှာ သွားရောက်ပြသရောင်းချမယ်ဆိုရင် အရင်ဆုံး ဆိုင်ခန်း အခင်းအကျင်းကို ကြည့်ပြီးမှ အသီးရဲ့ အရည်အသွေးကို ရွေးချယ်ဝယ်ယူတာပါ။ ဒါကြောင့် ဆိုင်ခန်းအခင်းအကျင်းနဲ့ ဆွဲဆောင်နိုင်အောင် ဒီပြိုင်ပွဲကို ပြုလုပ်ပေးတာဖြစ်ပြီး ပြိုင်ပွဲအတွက် ဆုကို တက်ရောက်လာတဲ့ မီဒီယာတွေကို ရွေးချယ်ခိုင်းပြီး ဖွင့်ပွဲနေ့မှာပဲ ပထမဆုကနေ တတိယဆုအထိ ချီးမြှင့်ခဲ့ပါ တယ်''ဟု ၎င်းက ဆက်လက်ပြောသည်။

 

မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက်ကျင်းပသည့် မန္တလေးသရက်သီးပွဲတော်တွင် ဒေသပေါင်းစုံမှ ထွက်ရှိသည့် သရက်သီး အမျိုးအစားပေါင်း ၁၈၀ ကျော် ပါဝင်ပြသထားပြီး ဆိုင်ခန်းပေါင်း ၅၀ နီးပါးဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရသည်။

 

အောင်ဖြိုးကျော်

 

DSC_54