မန္တလေးမြို့တွင် လာမည့်ဘတ်ဂျက်နှစ်၌  အဆင့်မြင့် သန့်စင်ခန်း ၅ ခု ဆောက်လုပ်မည်

မန္တလေး ၂၃ မေ

 

မန္တလေးမြို့တွင် လာမည့်ဘတ်ဂျက်နှစ်၌  အဆင့်မြင့်သန့်စင်ခန်း ၅ ခု ဆောက်လုပ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ  သိရသည်။

 

မန္တလေးမြို့တွင် ကျန်းမာရေးအတွက် အားကစားဆောင်ရွက်နေသူများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အသုံးပြုနိုင်စေရန် အများသုံး အဆင့်မြင့်သန့်စင်ခန်းများ ပြည့်စုံစွာထားရှိနိုင်ရန် ကျန်ရှိနေသေးသည့် အတွက် ယခုလို ထပ်မံတည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

"သန့်စင်ခန်းတွေက အကုန်လုံး အဆင့်မြင့် သန့်စင်ခန်းတွေကြီးပဲ ဆင်ဆာစနစ်ပါ လက်ဆေးကန်တွေပါတယ်။ အလိုအလျောက်ရေဆွဲချတဲ့စနစ် လေအေးပေးစက်ပါတယ်။  နောက်ပြီး လျှပ်စစ်မီးပြတ်တောက်သွားရင်လဲ အလိုအလျောက် မီးလင်းစနစ်တွေ ထည့်ပေးထားတယ်။ အားလုံးကို နိုင်ငံတကာအဆင့်မှီ လုပ်ဆောင်ထားတာပါ။" ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။

 

FB_IMG_1

 

လက်ရှိတွင် ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းနှင့် လမ်း ၇၀ ထောင့်အနီးနှင့် ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းနှင့် ၁၄ လမ်းထောင့်တွင် တည်ဆောက်ထားပြီး ယခုတွင် ၂၆ လမ်းထိပ် မြို့တော်ဥယာဉ် ကမ်းနားလမ်းတွင် ထပ်မံတည်ဆောက်နေသည်။

 

ထို့ပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြည်ကြီးမင်္ဂလာကုန်တင် အဝေးပြေးကားကွင်းအတွင်း၌ ရေချိုးခန်းပါဝင်သည့် အများသုံးသန့်စင်ခန်းတစ်ခုကိုလည်း တည်ဆောက်ပြီးစီးလျက်ရှိရာ မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်သည့်အပြင် မဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းတွင်လည်း အဆင့်မြင့်သန့်စင်ခန်း နှစ်လုံး တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့တော်အတွင်းရှိ ဈေးများတွင် သန့်စင်ခန်းများကိုလည်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားရှိပြီးဖြစ်ရာ ဘတ်ဂျက်အပေါ်မူတည်၍ ဈေးချိုမှစတင်ကာ အရောင်းအဝယ်များသည့် ဈေးကြီးများကို ဦးစားပေးပြီး အဆင့်အလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 

သူရိန်လင်း

 

ge FB_IMG_