မန္တလေးမြို့တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်

မန္တလေး  ၂   ဇွန် 

 

မျိုးဆက်သစ်ဖူဆယ်ဘောလုံးသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော MFF Fusal Warrix Cup 2019 (Mandalay) ဖူဆယ်ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းရှိ ဖူဆယ်ဘောလုံးအားကစားရုံတွင် ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၂၁ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့၊ ဘောလုံးအကယ်ဒမီ(မန္တလေး)အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သော ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်မေမြတ်နွယ်၊ မန္တလေးဘောလုံးအကယ်ဒမီကျောင်းအုပ်ကြီး ဦးစိုးညွန့်၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝေဇင် တို့ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးရဲဝင်းထွန်းက ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် တက်ရောက်လာသူများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် အသီးသီးဆွေးနွေးပြောကြားသည်။

 

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့၊ မန္တလာသီရိအဆင့်မြင့်အားကစားကွင်းရှိ ဖူဆယ်ဘောလုံး အားကစားကွင်းတွင် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၂၁ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်မည့်အသင်းများအနေဖြင့် ဇွန်လ ၁၀ ရက် မှ ဇွန်လ ၂၁ ရက်အတွင်း မန္တလေးဘောလုံးအကယ်ဒမီကျောင်းသို့ လာရောက်စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်း(၆၄)သင်းထိသာ လက်ခံသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်များအနေဖြင့် ပထမအဆင့်တွင် အုပ်စုပတ်လည် အမှတ်ပေးစနစ်ဖြင့်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ အုပ်စုတစ်စုချင်းစီမှ ပထမနှင့် ဒုတိယ ရရှိသောအသင်းများမှာ ဒုတိယအဆင့်ရှုံး/ထွက် အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုများနှင့် အသန့်ရှင်းဆုံးအသင်းဆု၊အကောင်းဆုံးဘောလုံးသမားဆုနှင့် အကောင်းဆုံးဂိုးသမားဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ဖူဆယ်ဘောလုံးဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး ထံမှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)