နေပြည်တော် ဧပြီ ၂၆
မန္တလေးငလျင်ကြီးကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ် အတွင်းရှိ သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်နိုင်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး အရှေ့ဘက်မုခ်လိုဏ်အတွင်း၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးခင်မောင်လတ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးထွန်းထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများ၊ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး ရင်ပြင်တော်တွင် တပ်မတော်သား အင်အား ၅၀၀ ဖြင့် ငလျင်ဒဏ်ကြောင့် ကွဲအက် ပျက်စီးခဲ့သည့် ရင်ပြင်တော်ကျောက်ပြားများအား လက်ကိုင်ကျောက်ပြားခွာစက်များဖြင့် ခွာ၍ သယ်ယူစုပုံနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် အစည်းအဝေးကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီး လှုပ်ခတ် ခဲ့မှုကြောင့် ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း များ၊ လူနေတိုက်တာ အဆောက်အအုံများ ပျက်စီး ဆုံးရှုံးခဲ့ပြီး ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအများ ပျံလွန်၊ သေဆုံးခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် ဘုရားစေတီ ၅၀၁၄ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၄၁၈၇ ကျောင်း၊ သီလရှင်ကျောင်း ၄၃၂ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ရှေးဟောင်းဘုရားစေတီ၊ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း၊ သိမ်၊ ဇရပ်၊ မြို့ရိုး၊ ပြာသာဒ်နှင့် အခြားရှေးဟောင်း အဆောက်အအုံ များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင်လည်း ရင်ပြင် တော်နှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပင်မထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိသော်လည်း ရင်ပြင်တော်နိမ့်ကျသွားခဲ့ကြောင်း။
မန္တလေးငလျင်ကြီးကြောင့် ဥပ္ပါတသန္တိစေတီ တော်ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ နှင့်စပ်လျဉ်း၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီကို လျာထားဖွဲ့စည်း ထားပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးနှင့် နေပြည်တော်ရှိ ဌာနပေါင်းစုံတို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီအနေဖြင့် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ပြုပြင်ရေးကို အဓိကဦးစားပေးဆောင်ရွက်ပြီး နေပြည်တော်အတွင်းရှိ ကျန်ဘုရား စေတီများပြုပြင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား လည်းကောင်း၊ တက်ရောက်လာကြသူများက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ် အတွင်းရှိ သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်နိုင်ရေး နှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မိုးမကျမီ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေများ၊ လိုအပ်သည့် ပစ္စည်းများကို ကြိုတင်ဝယ်ယူထားရှိပြီး ဂေါပကအဖွဲ့အစီအစဉ်ဖြင့် ဂိုဒေါင်အတွင်း စနစ်တကျ ထားရှိသွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
တပ်မတော်သား အင်အား ၅၀၀ ဖြင့် စေတီတော်ကြီးရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများကို လက်ကိုင်ကျောက်ပြားခွာစက်များဖြင့် ခွာယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရင်ပြင်တော်ရှိ နေပူခံကျောက်ပြား ၃၈၉၅ ချပ်ကို ဆယ်တင်ရရှိပြီး ဆယ်တင်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ ရင်ပြင်တော်ရှိ အက်ကွဲကြောင်းများကို မိုးကာများဖြင့် အမြန်ဆုံးဖုံး အုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ လိုအပ်သော ဘိလပ်မြေ တန် ၅၀၀၀ (အိတ် ၁၀၀၀၀၀)၊ အုတ် ၁၀၀၀၀၀၊ သဲကျင်း ၅၀၀၊ ကျောက်ကျင်းပေါင်း ၂၀၀၀ တို့ကို နှစ်ပတ်အတွင်း ကြိုတင်စုဆောင်း၍ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်