မန္တလေးပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါ (Congenital Heart Disease)  လူနာများအား Device Closure နည်းလမ်းဖြင့်ကုသခြင်းကို ဗီယက်နမ်နိုင်ငံမှ နှလုံးအထူးကုအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၂၉

 

ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Hanoi Medical University မှ နှလုံးအထူးကုဆရာဝန်ကြီး Dr. Nguyen Lan Hieu နှင့်အဖွဲ့သည်  စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ပါမောက္ခဒေါက်တာ ကျော်စိုးဝင်း၊ ပါမောက္ခ(နှလုံးဆေးကု) ခေါင်းဆောင် သောအဖွဲ့နှင့်အတူ မွေးရာပါနှလုံးရောဂါလူနာများအား ခွဲစိတ်စရာမလိုဘဲ ပေါင်ခြံသွေးကြောမှ တစ်ဆင့် အပေါက်ပိတ် စက်ကိရိယာဖြင့်ပိတ်ခြင်းနည်းလမ်း (Device closure) ဖြင့် အောင်မြင်စွာ ကုသပေးခဲ့သည်။

 

ဗီယက်နမ်-မြန်မာအဖွဲ့များ ပူးပေါင်း၍ Congenital Heart Disease Device Closure အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကာ နှလုံးအပေါ်ခန်းတွင် အပေါက်ပါခြင်း (Atrial Septal Defect-ASD)၊ နှလုံးအောက်ခန်းတွင် အပေါက်ပါခြင်း (Ventricular Septal Defect-VSD)၊ နှလုံးမှ အဆုတ်သို့သွားသော သွေးကြောရှိ အဆို့ရှင် ကျဉ်းခြင်း (Pulmonary Stenosis)စသည့် မွေးရာပါနှလုံးရောဂါလူနာရှာဖွေခြင်းကို လက်တွေ့ နှလုံးတီဗွီ ဓာတ်မှန်(Echocardiogram) ကြည့်ရှုစစ်ဆေးပြီး နှလုံးခွဲစိတ်ကုသခြင်း သို့မဟုတ် Device closure နည်းလမ်းဖြင့် ကုသခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

 

မွေးရာပါနှလုံးရောဂါလူနာများအနက် (၃၄)ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြီး နှစ်ရက်တာကာလအတွင်း နှလုံးအပေါ်ခန်းတွင် အပေါက်ပါသောလူနာ (၂၁)ဦး၊ နှလုံးအောက် ခန်းတွင် အပေါက်ပါသော လူနာ (၂)ဦး၊ နှလုံးမှ အဆုတ်သို့ သွားသော သွေးကြောရှိ အဆို့ရှင်ကျဉ်းလူနာ (၄)ဦးနှင့် နှလုံးသွေးကြောမကြီးနှင့် အဆုတ်သွေး ကြောမကြီး ဆက်နေသောလူနာ (PDA) (၇)ဦးတို့ကို ကုသပေးနိုင်ခဲ့ခြင်းဖြစ်ကာ ခွဲစိတ်စရာမလိုဘဲ ပေါင်ခြံ သွေးကြောမှတစ်ဆင့် အပေါက်ပိတ်စက်ကိရိယာဖြင့် ထုံဆေးဖြင့်ပိတ်ခြင်း (Device closure) နည်းလမ်းဖြင့် အောင်မြင်စွာ ကုသပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)