ကိုထိပ် (မန္တလေး)

 

မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်တဲ့ တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူတစ်ဦးအနေနဲ့ ဒီပညာရပ်ကို သင်ယူနိုင်မယ့် တိုင်းရင်းဆေးတက္ကသိုလ်အကြောင်း ပိုမိုသိရှိလိုတာကြောင့် မန္တလေးတောင်ခြေက တိုင်းရင်းဆေးတက္ကသိုလ်ဆီသို့ လှမ်းခဲ့ပါတယ်။ တက္ကသိုလ်အဝင်မုခ်ဦးကဖြတ်ဝင်ရင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေ မကြာမီ ဒီမုခ်ဦးဆီကို ရောက်လာကြတော့မှာလို့ တွေးနေမိပါတယ်။ ဒီအချိန်မှာပဲ တိုင်းရင်းဆေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာသိန်းဇော်လင်းကို မြင်တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဆရာကြီးကို သိလိုတာတွေ မေးမြန်းခွင့်ရခဲ့ပါတော့တယ်။ 

 

မေး။  ။    ဒီမြန်မာ့တိုင်းရင်းဆေးတက္ကသိုလ်ကြီး ဘယ်လိုစတင်ပေါ်ပေါက်လာခဲ့တာလဲ ခင်ဗျာ။

ဖြေ။  ။ ကျွန်တော်တို့ တက္ကသိုလ်ဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ အစဉ်အလာတွေးခေါ်မှုတွေနဲ့အတူ အပြိုင်ဖြစ်ထွန်းလာတဲ့ မွန်မြတ်တဲ့ အသက်မွေးဝမ်းကျောင်းပညာကို လေ့ကျင့်သင်ကြားပေးနေတဲ့ တက္ကသိုလ်ကြီးပါ။ “အသက်ကလေးရယ်တဲ့ရှည်စေလို မန်းတောင်ရိပ်ခို” ဆိုတဲ့အတိုင်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက် မန္တလေးတောင်ခြေမှာတည်ရှိပါတယ်။ အမျိုးသားပညာရည်မြင့်မားရေး အထူးလေးနှစ် စီမံကိန်းအရ ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ တစ်ကျောင်းတည်းသာရှိတဲ့ တက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။

 

မေး။  ။ တက္ကသိုလ်ကြီးဖွင့်လှစ်ခဲ့တဲ့ ကာလအရ အခုဆိုရင် ၂၄ နှစ်တာကာလကို ကျော်ခဲ့ပြီး ငွေရတုကာလသို့ ရောက်ရှိဖြတ်သန်းတော့မှာဖြစ်ပါတယ်။ ဒီကာလအတွင်း ပေးအပ်ခဲ့တဲ့ ဘွဲ့အမျိုးအစားတွေနဲ့ မွေးထုတ်ပေးခဲ့တဲ့ တိုင်းရင်းဆေးပညာရှင်အရေအတွက်ကို သိပါရစေ။

ဖြေ။  ။ ဒီကာလအတောအတွင်းမှာ ဘွဲ့နှင်းသဘင် ၁၈ ကြိမ်မြောက်အထိ ဘွဲ့တွေ ပေးအပ်ခဲ့ပြီးပါပြီ။ ပေးအပ်တဲ့ဘွဲ့တွေကတော့ “မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့” “Bachelor of Myanmar Traditional Medicine (BMTM)” ဖြစ်ပါတယ်။

 

ဒါ့အပြင် မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့သင်တန်းတွေ ဖွင့်လှစ်နေတာ ၁၄ နှစ် ကျော်ခဲ့ပြီဖြစ်ပါတယ်။ ပေးအပ်တဲ့ဘွဲ့ကတော့ Master of Myanmar Traditional Medicine (M M T M) ဘွဲ့ဖြစ်ပါတယ်။ အဲဒီသင်တန်းကိုတော့ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ရရှိပြီးသူ ဝန်ထမ်းတွေသာ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ စာတွေ့/ လက်တွေ့နဲ့ ကျမ်းပြု နှစ်နှစ် ဖြစ်ပါတယ်။ မွေးထုတ်ပေးခဲ့တဲ့ တိုင်းရင်းဆေးပညာရှင် အရေအတွက်ကတော့ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (BMTM) ရရှိပြီးသူ ၁၈၇၅ ဦးနဲ့ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့ (MMTM) ရရှိသူ ၁၃၃ ဦး မွေးထုတ်ပေးပြီး ဖြစ်ပါတယ်။

 

ဆက်လက်ပြီးလည်း ပါရဂူဘွဲ့သင်တန်း (Ph.D. (MTM)) တွေ ၂၀၂၅ ပညာသင်နှစ်ကစလို့ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးပညာနဲ့ ပတ်သက်တဲ့ လေ့လာသင်ယူစရာတွေ အားလုံးကို ဒီတက္ကသိုလ်ကြီးထဲမှာ အစွမ်းကုန် လေ့လာသင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။

 

မေး။  ။ မြန်မာ့တိုင်းရင်းဆေး တက္ကသိုလ်မှာ တက်ရောက်ဖို့အတွက် သတ်မှတ်ထားတဲ့ ဝင်ခွင့်စည်းမျဉ်းတွေက ဘာတွေဖြစ်မလဲခင်ဗျာ။
ဖြေ။  ။ တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်ပြီး စနစ်တကျ လိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။ လျှောက်ထားသူတွေက ကျား၊ မ မရွေး လျှောက်ထားနိုင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်) ကိုင်ဆောင်ထားသူဖြစ်ရပါမယ်။ ပညာအရည်အချင်းအနေနဲ့ ဒွါဒသမတန်း G-12 (STEAMs-1) ဘာသာတွဲ (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဘာသာရပ်တွေနဲ့ အောင်မြင်ပြီးသူ၊ ကျန်းမာရေးကောင်းသူ ဖြစ်ရပါမယ်။ 

 

မေး။  ။  အခြား စာချုပ်ကတိကဝတ်တွေနဲ့ ပတ်သက်ပြီးလည်း ရှင်းပြပေးပါဦးဗျ။
ဖြေ။  ။ ဟုတ်ကဲ့၊ ဒါက အလွန်အရေးကြီးပါတယ်။ တက္ကသိုလ်ကို တက်ရောက်ခွင့် ရရှိသူတွေက သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရပါမယ်။ သင်တန်းပြီးဆုံးရင် နိုင်ငံတော်ရဲ့ တာဝန်ပေးအပ်ချက်အရ သုံးနှစ် မပျက် မကွက် တာဝန်ထမ်းဆောင်မယ်လို့ ကတိပြုဝန်ခံချက် စာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။ အကယ်၍ အဆိုပါကတိပြုဝန်ခံချက် စာချုပ်ပါအချက်ကို လိုက်နာရန်ပျက်ကွက်ရင် လျော်ကြေးငွေကျပ် ၅၀၀၀၀၀၀ (ကျပ်သိန်းငါးဆယ်တိတိ) ကို ပေးလျော်ရမှာ ဖြစ်ပါတယ်။ 
 

 

မေး။  ။ သင်ကြားရေးစနစ်နဲ့ သင်ရိုးညွှန်းတမ်းတွေကရော ဘယ်လိုမျိုးလဲခင်ဗျာ။ အနောက်တိုင်းဆေးပညာနဲ့ရော ပေါင်းစပ်သင်ကြားပေးပါသလား။

ဖြေ။  ။ အင်မတန်ကောင်းတဲ့ မေးခွန်းပါ။ ကျွန်တော်တို့က အတွေ့အကြုံအခြေပြု ဆေးပညာ (Experience based medicine) ကနေ သိပ္ပံနည်းကျ အထောက်အထားအခြေပြုဆေးပညာ (Evidence based medicine) ဖြစ်လာစေဖို့ အဓိကထားပါတယ်။ သင်ရိုးညွှန်းတမ်းမှာ တိုင်းရင်းဆေးပညာ ဘာသာရပ်တွေအပြင် ဆေးနဲ့ ဆေးနှီးနွှယ် တက္ကသိုလ်တွေမှာ သင်ရတဲ့ Basic modern medical ဘာသာတွဲတွေအတိုင်း သင်ယူရပါမယ်။ သုတေသနနည်းစနစ်တွေ၊ AI နဲ့ Digitalization ဘာသာရပ်တွေအထိ ခေတ်နဲ့အညီ သင်ကြားပေးပါတယ်။ သင်တန်းကာလကတော့ စာတွေ့/ လက်တွေ့ လေးနှစ်နဲ့ အလုပ်သင် တစ်နှစ် စုစုပေါင်း ငါးနှစ် သင်ယူရမှာဖြစ်ပါတယ်။ 
 

 

မေး။   ။ လက်တွေ့ လေ့လာမှုတွေအတွက် ဘယ်လိုအစီအစဉ်တွေရှိပါသလဲခင်ဗျာ။

ဖြေ။  ။ ကျွန်တော်တို့တက္ကသိုလ်ရဲ့ အားသာချက်ကတော့ ကျောင်းဝင်းထဲမှာတင် ခုတင် ၁၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီးနဲ့ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေရှိတာပါ။ ဒါ့အပြင် ပုပ္ပားတောင်နဲ့ တခြားဒေသတွေဆီ ဆေးဖက်ဝင်အပင် လေ့လာရေးခရီးစဉ်တွေ၊ အဆင့်မြင့်ဆေးဝါးစက်ရုံ ဓာတ်ခွဲခန်းတွေဆီ လေ့လာရေးခရီးတွေ ပုံမှန်သွားရောက်စေပါတယ်။

 

မေး။  ။ ဘွဲ့ရပြီးရင် ဘာတွေဆက်လုပ်နိုင်မလဲ၊ ပညာဆက်လက်ဆည်းပူးဖို့ကော အခွင့်အရေးရှိပါသလားခင်ဗျ။

ဖြေ။  ။ အခွင့်အလမ်းတွေကတော့ အများကြီးပါပဲ။ ကိုယ်ပိုင်တိုင်းရင်းဆေးဝါးတွေ ထုတ်လုပ်နိုင်မယ်။ ကိုယ်ပိုင်ဆေးရုံ/ ဆေးခန်းတွေ ဖွင့်နိုင်မယ်၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်မယ်၊ တက္ကသိုလ်မှာ သင်ကြားရေး ဆရာ ဆရာမ၊ သုတေသီအဖြစ် ဆောင်ရွက်နိုင်မယ်၊ ပြီးတော့ ပြည်တွင်း ပြည်ပမှာ ဘွဲ့လွန်တွေ ဆက်တက်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ မဟာဘွဲ့ (MMTM) အပြင် ၂၀၂၅ ခုနှစ်ကစပြီး ပါရဂူဘွဲ့ (Ph.D.MTM) သင်တန်းတွေပါ ဖွင့်လှစ်နေပြီဖြစ်လို့ ပညာကို အဆုံးအထိ ဆည်းပူးနိုင်ပါတယ်။ 
 

 

မေး။  ။ တက္ကသိုလ်ရဲ့ လှုပ်ရှားမှုတွေအကြောင်းတွေလည်း သိပါရစေ။

ဖြေ။  ။ ကျောင်းသား ကျောင်းသူတွေ ဗလငါးတန် ဖွံ့ဖြိုးဖို့ အားကစားပြိုင်ပွဲတွေ၊ ညောင်ရေသွန်းပွဲ၊ ဝါဆိုသင်္ကန်းကပ်ပွဲ၊ ကထိန်ပွဲ၊ ထမနဲပွဲရာသီမှာ စုပေါင်းထမနဲထိုးပြိုင်စေတာ၊ စာပေအနုပညာအသင်းက နံရံကပ်စာစောင်တွေမှာ ကဗျာ/ ကာတွန်း/ ဝတ္ထု/ ဆောင်းပါး ပြိုင်ပွဲတွေ၊ စကားရည်လုပွဲတွေ ဆောင်ရွက်စေတာ၊ စုပေါင်းသွေး လှူဒါန်းပွဲတွေ၊ သုတေသနစာတမ်းဖတ်ပွဲတွေမှာ တက်ရောက်လေ့လာစေတာတွေ၊ စနေနေ့တွေမှာ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်သင်ကြားရေး အစီအစဉ် (CTME) ဟောပြောပွဲတွေမှာ တက်ရောက်ဆွေးနွေးစေတာတွေ၊ IPE (Inter-professional Education) (အခြားဆေးနဲ့ ဆေးနှီးနွှယ်တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေနဲ့တစ်ယောက်အကြောင်း တစ်ယောက်ကို သင်ယူတာ၊ အတူတူသင်ယူတာ၊ အပြန်အလှန်သင်ယူတာနဲ့ ပူးပေါင်းဖလှယ်ရေးအစီအစဉ်) အပြင် နိုင်ငံတော်ရဲ့ အထိမ်းအမှတ်နေ့ရက်ကြီးတွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်တာ အစရှိတဲ့ လှုပ်ရှားမှုတွေရှိပါတယ်။
 

 

မေး။  ။ ယခုလို ရှင်းလင်းစွာ သိလိုသမျှဖြေကြားပေးတဲ့အတွက် ဆရာကြီးကို အထူးကျေးဇူးတင်ပါတယ်။ မကြာမီ ရောက်ရှိလာကြတော့မယ့် ကျောင်းသားလူငယ်တွေအတွက် ကြိုဆိုအားပေးစကားလေး ပြောပေးပါဦးခင်ဗျာ။

ဖြေ။  ။ ကျွန်တော် ရှင်းပြတာတွေအပြင် တက္ကသိုလ်ရဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ www.utm.edu.mm မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ဟာ ရာသီတိုင်းမှာ ပန်းပေါင်းစုံပွင့်လန်းနေတဲ့ မန္တလေးတောင်ခြေမှာရှိပြီး လက်တွေ့လေ့လာစရာ ပရဆေးဥယျာဉ်တွေလည်း ရှိပါတယ်။ မြန်မာ့ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းမယ့် မျိုးဆက်သစ်လူငယ်တွေကို ကျွန်တော်တို့ တက္ကသိုလ်က လက်ကမ်းကြိုဆိုနေပါတယ်လို့ ပြောချင်ပါတယ်ဗျာ။ ။