မန္တလေးတောင်တက်ဖိတ်ခေါ် Mountain Bike စက်ဘီးစီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၇၀၀ ခန့် ပါဝင်ယှဉ်ပြိုင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစက်ဘီးစီး အဖွဲ့ချုပ်တို့မှ ကြီးမှူး၍ G-SHOCK နာရီ (၃၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် MFR(Mandalay Free Rider) မှ စီစဉ် ကျင်းပသည့် သတ္တမအကြိမ်မြောက် မန္တလေးတောင်တက်ဖိတ်ခေါ် Mountain Bike စက်ဘီးစီးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး Cross Bike နှင့် Down Hill ပြိုင်ပွဲအမျိုးအစားနှစ်မျိုးတွင် ပြိုင်ပွဲဝင်ဦးရေ ၇၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

ပြိုင်ပွဲဝင်တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သေနတ်ပစ်ဖောက်၍ တာလွှတ်ခဲ့ပြီး စက်ဘီးစီးအားကစားသမားများသည် ၂၆ လမ်းလမ်းအတိုင်း ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ထိုမှ ၆၆ လမ်း အတိုင်း ၁၉ လမ်းအထိ၊ ယင်းမှ ရန်ကင်းတောင်အဆင်းလမ်းအတိုင်းတက်ပြီး တောင်သုံးလုံး လမ်းကြောင်းအတိုင်း လယ်တောလမ်းကြမ်းကိုစီးနင်းပြီးယင်းမှ မန္တလေးတောင်အဆင်း လမ်းအတိုင်း တောင်ပေါ်သို့တက်၍ တောင်ထိပ်တွင် ပန်းဝင်ခဲ့ကြသည်။

 

ထို့နောက် Down Hill ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင် စက်ဘီးစီးအားကစားသမားများက မန္တလေးတောင်ဆင်းတောလမ်းကြမ်းအတိုင်း တောင်ပေါ်မှ စီးနင်းကြကာ ပြတိုက်မုဒ်ဦးအဝင် သတ်မှတ်နေရာ၌ ယှဉ်ပြိုင်ပန်းဝင်ကြသည်။

 

ထို့အပြင် Pro 1 နှင့် Pro 2 ၊ အမျိုးသမီးပြိုင်ပွဲစသည့် အတန်းအစားအလိုက်ယှဉ်ပြိုင်မှုများနှင့် တောင်ဆင်းလမ်း ကြမ်းစီးနင်းခြင်းစသည်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် အခြားဆုများစွာကို ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

 

ပြိုင်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ အားစားနှင့်ကာယပညာ ဦးစီးဌာန ညွန်ကြားရေးမှူးဦးဝေဇင်၊ အားကာသိပ္ပံကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ အောင်ဝင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများ၊ အလှူရှင်နှင့် ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်၊ အနုပညာရှင်များ၊ စက်ဘီး အားကစားဝါသနာရှင် ပြည်သူများတက်ရောက် အားပေးကြသည်။

 

တင်မောင်မန်းကိုယ်ပွား