မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာတွင် ယခုဘဏ္ဍာနှစ်အတွင်း တိုင်းကြားမှု ၁၈၂ မှုရှိကာ ဖြေရှင်းရန် ၈၆ မှု ကျန်နေသေး

မန္တလေး ၂၄ မေ


မန္တလေးတိုင်းဒေသကြီး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) မန္တလေးရုံးသို့ ယခုဘဏ္ဍာနှစ် အတွင်း စားသုံးသူများအနေဖြင့် တိုင်ကြား မှု ၁၈၂  မှုရှိကာ ဖြေရှင်းရန် ၈၆ မှု ကျန်နေသေးကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံက သိရသည်။


အဆိုပါဌာနမှ ယခင် ဘဏ္ဍာနှစ်ထက် ယခုဘဏ္ဍာနှစ်တွင် တိုင်ကြားမှုပိုများလာကာ ယခင်ဘဏ္ဍာနှစ်တွင် တိုင်ကြားမှု ၃၈ မှုသာရှိပြီး ယခုဘဏ္ဍာနှစ်တွင် တိုင်ကြားမှု ၁၈၂ မှုရှိသည်။


"ဒီနှစ်နောက်ပိုင်းမှာ တိုင်ကြားတာတွေ များလာတယ်။ အရင်က ပြည်သူတွေအနေနဲ့ အဆင်မပြေရင် တိုင်ရကောင်းမှန်း မသိတာလည်း ဖြစ်မယ်။ အများဆုံး တိုင်ကြားခံရတဲ့ အမှုတွေကတော့ ဝန်ဆောင်မှုတွေဖြစ်တယ်။ စားသုံးသူတွေရဲ့ နစ်နာဆုံးရှုံးမှုအပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ပေးတယ်။ လုပ်ငန်းရှင်တွေကို သတိပေးတာတွေနဲ့ လုပ်ငန်းပိတ်သိမ်းတာတွေ ရှိသလို ဆက်လက်တရားစွဲဆိုလို့ ထောင်ကျသွားတဲ့ လုပ်ငန်းရှင်တွေပါရှိတယ်" စားသုံးသူရေးရာ ဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးက ပြောသည်။


CICC မန္တလေးရုံးအနေဖြင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တိုင်ကြားမှု ၃၈ မှု ရှိခဲ့ရာယင်း ၃၈ မှုကို စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ဖြေရှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားကုန်စည်ရောင်းဝယ်မှုများတွင် စားသုံးသူဘက်မှ ကျေနပ်မှုမရှိပါက စာသုံးသူရေးရာ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) တွင် တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက သိရသည်။ 


သူရိန်လင်း