မန္တလေး  မေ  ၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ Football  for  School Programme အစီအစဉ် ဖြင့် အခြေခံဘောလုံးသင်တန်းနှင့် ဆက်စပ်အားကစားနည်းများ အခြေခံသင်တန်းဖွင့်ပွဲကို   ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊   တိုင်းဒေသကြီး   တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူ   အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူ ၁၅၀၀ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး Football for School Programme အစီအစဉ်ဖြင့် အခြေခံဘောလုံးသင်တန်းနှင့် ဆက်စပ်အားကစားနည်းများ အခြေခံသင်တန်းကို   စတင်ဖွင့်လှစ်ပေးသည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းအထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက  လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းအလိုက် သင်တန်းသား သင်တန်းသူများနှင့် နည်းပြများအား  လိုက်လံနှုတ်ဆက်သည်။ တိုင်းဒေသကြီးအတွင်း  ဘောလုံးအားကစားနည်းအပါအဝင် အခြားဆက်စပ်   အားကစားနည်း  ၁၅ နည်းကို နွေရာသီကျောင်းပိတ်ရက်တွင်သာမက ကျောင်းဖွင့်ရက်များတွင် အခြေခံပညာကျောင်းများ ၌ ဆက်လက်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။

ထို့ပြင်၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်  ပျော်ရွှင်ဆင်နွှဲ   မန်းသင်္ကြန်ပွဲနှင့် လက်ဖက်ယဉ်ကျေးမှုဆင်နွှဲ၊ ဒြပ်မဲ့သနပ်ခါးအလှ၊ မန်းသင်္ကြန်ပွဲ ရောင်စုံဓာတ်ပုံပြိုင်ပွဲဆုပေးပွဲကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပ သည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး အမှတ်ပေးရွေးချယ်ပုံအဆင့်ဆင့်နှင့်ပတ်သက်၍ ဓာတ်ပုံပြိုင်ပွဲ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သူ ဓာတ်ပုံပညာရှင်တစ်ဦးက ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဓာတ်ပုံပညာရှင် ၃၆ ဦးမှ ပြိုင်ပွဲဝင်ဓာတ်ပုံ စုစုပေါင်း ၁၃၁ ပုံ၊ လက်ဖက်ယဉ်ကျေးမှုဆင်နွှဲ၊ ဒြပ်မဲ့ သနပ်ခါးအလှ၊ မန်းသင်္ကြန်ပွဲ ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင်ဓာတ်ပုံပညာရှင် ၁၆ ဦးမှ ဓာတ်ပုံစုစုပေါင်း ၆၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု၊ ပြိုင်ပွဲဝင် ဓာတ်ပုံများကို ဝါရင့်ဓာတ်ပုံပညာရှင်ဒိုင်များက နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲ စံနှုန်းများနှင့် အညီ ပြိုင်ပွဲခေါင်းစဉ်နှင့်ကိုက်ညီ မှုရှိသည့်ပုံများကို ဓာတ်ပုံပညာရှုထောင့်အရ အယူအဆ၊  ရှိသင့် ရှိထိုက်သည့် အရည်အသွေးပြည့်စုံမှုရှိသည့် ပြိုင်ပွဲဝင်ဓာတ်ပုံကောင်းများကို အဆင့်ဆင့်စိစစ်အမှတ်ပေး၍ ဆုရွေးချယ်သတ်မှတ်ပေးထားမှု၊ လက်ဖက်ယဉ်ကျေးမှုဆင်နွှဲ၊  ဒြပ်မဲ့သနပ်ခါးအလှ၊ မန်းသင်္ကြန်ပွဲ ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆန်ခါတင်စိစစ်ရွေးချယ်ထားသည့် ၂၅ ပုံကို Mandalay City Facebook Page လူမှုကွန်ရက်စာမျက်နှာမှ Like အများဆုံးရရှိသည့်အပေါ် ပွင့်လင်းမြင်သာစွာဖြင့် စိစစ်ရွေးချယ်ပြီး အဆင့်အလိုက် ဆုများသတ်မှတ်ပေးခဲ့မှုများကို ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးစာရင်းစစ်ချုပ်က  အကဲဖြတ်ဒိုင်အဖွဲ့ကို  ဂုဏ်ပြုငွေများချီးမြှင့်သည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲတွင် ပထမဆုရရှိခဲ့သည့် အောင်သိန်း(ရွှေမန်းသား) နှင့် လက်ဖက်ယဉ်ကျေးမှုဆင်နွှဲ၊   ဒြပ်မဲ့သနပ်ခါးအလှ၊  မန်းသင်္ကြန်ပွဲ  ရောင်စုံဓာတ်ပုံပြိုင်ပွဲ ပထမဆုရရှိသည့်   ပြည့်ဖြိုးအောင်တို့အား ဂုဏ်ပြုဆုငွေနှင့်   ဂုဏ်ပြုတံဆိပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး   တရားလွှတ်တော် တရားသူကြီးချုပ်၊  တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုတံဆိပ်များကိုလည်းကောင်း ချီးမြှင့်ပေးကြပြီး ပြသထားသည့် ပြိုင်ပွဲဝင်ဓာတ်ပုံများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်