မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးနှင့် ရဲအုပ် ကျော်သူ (ယခု ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

နေပြည်တော် ၁၄ ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ အရ ဖွင့်လှစ်သည့်အမှုအတွက် ရဲစခန်းအာမခံ ရရှိရန် ငွေကျပ် ၁၅၀ဝ၀ဝိ/-၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဂ)အရ ဖွင့်လှစ်သည့် အမှုအတွက် အာမခံ ရရှိရန် ငွေကျပ် (၂၅)သိန်း၊ စုစုပေါင်း ငွေကျပ် ၂၆၅၀ဝ၀ဝိ/-ကို တောင်းယူခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှူးနှင့် အမှုစစ်တို့အား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးသည် (ပ)၅၁၀/၂၀၁၈ အမှုနှင့်ပတ်သက်၍ တရားခံထံမှ ရဲစခန်း အာမခံကိစ္စဆောင်ရွက်ရာတွင် အမှုစစ်၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကို လက်ဘက်ရည်ဖိုး ပေးရန်အတွက် ငွေကျပ် ၅၀ဝ၀ဝိ/-စီပါ စာအိတ် (၃)အိတ် စုစုပေါင်း ငွေကျပ်၁၅၀ဝ၀ဝိ/-ကို တောင်းခံရယူခဲ့ခြင်းနှင့် စခန်းမှူး ရဲအုပ်ကျော်သူသည် (ပ)၆၅၈/၂၀၁၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဂ) အမှုနှင့်ပတ်သက်၍ အာမခံပေးရန်အတွက် တရားခံ၏ အကူအညီတောင်းခံမှုအပေါ် သဘောတူညီမှုရယူခဲ့ပြီး ငွေကျပ်(၂၅)သိန်းကို လက်ခံရ ယူခဲ့ခြင်း၊ အဆိုပါ အမှုပိတ်သိမ်းနိုင်ရေးအတွက် ငွေကျပ် သိန်း(၁၀ဝ) တောင်းခံရယူရန် အားထုတ်ခဲ့ခြင်းတို့သည်  ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးနှင့် ရဲအုပ် ကျော်သူ (ယခု ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

(သတင်းစဉ်)