မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကံလှကျေးရွာအနီး မွေးမြူရေးဇုံတည်ထောင်မည်

နေပြည်တော် ဇွန် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၆ ရက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကံလှကျေးရွာအနီး မွေးမြူရေးဇုံတည်ထောင်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ရေရရှိရေး၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးနိုင်မှုနှင့် ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေးအတွက် လိုအပ်သည့် စီမံဆောင်ရွက်မှုများ၊ တစ်အုပ် တစ်မမွေးမြူခြင်းမှ စီးပွားဖြစ်မွေးမြူထုတ်လုပ်ခြင်းအထိ မျှော်မှန်းပြီး စနစ်တကျဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးအသုံးချသုတေသနနှင့် မျိုးထိန်းမျိုး ပွားခြံ(သဖန်းခြံ)၏ ဒေသမျိုးဆိတ်များနှင့် နိုင်ငံခြားမျိုးဆိတ်များ မျိုးထိန်းခြင်း၊ မျိုးပွားခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် တာဝန်ရှိသူများက ဆိတ်မျိုးသစ်ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ ပွားများဖြန့် ဖြူးခြင်းလုပ်ငန်းနှင့်အတူ အစာကျွေးမွေးမှုစနစ်၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာနည်းပညာ အသိပညာပေးလုပ်ငန်းများကို တပါတည်း ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ဘိုဝါဆိတ်ခြံ၊ ထိန်စမ်းဆိတ်ခြံနှင့် သိုးခြံများ ရေရရှိရေးအတွက် တည်ဆောက်ပြီး ရေကန်များ၊ ထပ်မံတည်ဆောက်မည့်  ကန်အမှတ်(၃)မြေနေရာနှင့် ဆိုလာစနစ်ဖြင့် နေဗီယာမြက်စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် ထမုန်ကန်အုပ်စု ညောင်ပင် သာကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံတွင် မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ နို့စားနွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူ ရေးဆောင်ရွက်ခြင်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အစားအစာ ဘေးကင်းလုံခြုံရေးအလေးထား ဆောင်ရွက်ရန်၊ သဘာဝအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး ဒေသတွင်းကူးစက်ရောဂါများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကြိုတင်ကာကွယ်ရန်တို့ကို ဆွေးနွေးမှာကြားပြီး နို့စားနွားများ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မန္တ လေးတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံများနှင့်တွေ့ဆုံ၍ စိုက်ပျိုးစွမ်းအား မြင့်မားလာ စေရေးအတွက်  စီမံဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း၏ လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုသင်တန်းများနှင့် လယ်ယာသုံးစက်ကိရိယာ မောင်း နှင်ထိမ်းသိမ်းမှု(အထူး)သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးသည်။

ပြည်သူများ အသားစားသုံးမှုတိုးတက်ပြီး အာဟာရပြည့်ဝ၍ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်ရေး နှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး လာရေးအတွက် တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင်  မွေးမြူရေးဇုံများ တည်ထောင်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်