မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မိုးကုတ်သွားကားလမ်း၊ ညောင်ကုန်းကျေးရွာအနီးတွင် အောင်ကိုကိုမျိုး(၃၄)နှစ် မောင်းနှင်လာသည့် NISSAN DIESEL ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆,၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၁၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၇,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ဆံသိုး(၂၂)နှစ်၊ လင်းထက်အောင်(၂၄)နှစ်၊ ရဲရင့်ထွန်း (၂၉) နှစ်တို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၄ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)