မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅၅ သန်း ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅၅ သန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို-မြစ်ငယ်ကားလမ်း၊ ထုံးဘိုတိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့ စိုင်းထင်လင်း မောင်းနှင်ပြီး ထိန်ဝင်း လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁၈ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅၅ သန်း သိမ်းဆည်းရမိခဲ့သည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခိုင်းသူ ဂေါ်လီ (ခ) ကျော်ကြီး (ခ) ကျော်စိန်မြင့် အပါအဝင် စိုင်းထင်လင်းနှင့် ထိန်ဝင်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

သတင်းစဉ်