မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၈,၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၈,၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့ သီဟအောင် မောင်းနှင်လာသည့် Hino ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၈,၂၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် M 22 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်း ကျည် အတောင့် ၁၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများနှင့် လက်နက် ခဲယမ်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)