နေပြည်တော် မတ် ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အလုံးစုံပပျောက်ကင်းရှင်းစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီးနှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့က မတ် ၂၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် တပ်ကုန်း-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းပေါ်ရှိ နန်းလုံကျေးရွာနှင့် ကျည်စုကျေးရွာကြား၌ ပင်လောင်းမြို့နယ်မှ ဆာလာအိတ်များ တင်ဆောင်လာသည့် Shayan အမျိုးအစား ဆိုင်ကယ်နှစ်စီးနှင့် Kenbo အမျိုးအစား ဆိုင်ကယ်တစ်စီးတို့အား စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ခွန်လိမ္မာ ၄၀ နှစ် (ဘ) ဦးထွန်းလှိုင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် လူဖဲခြမ်းကျေးရွာနေသူအား ဆိုင်ကယ်သုံးစီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ်များအား ရှာဖွေစစ်ဆေးခဲ့ရာ ဆာလာအိတ် ခြောက်အိတ်အတွင်းမှ ငွေကျပ် သုံးဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀၀ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


