မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၀ ရက် နံနက် ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်း-ရွှေမြင်တင် သွားကားလမ်း၊ သင်ပန်းကုန်းလမ်းဆုံတွင် ရွှေမြင်တင်မှ ရမည်းသင်းဘက်သို့ အောင်မျိုးထက် (ခ) ငယ်ငယ် မောင်းနှင်ပြီး ရာဇာစိုး(ခ)စိုးငယ် လိုက်ပါလာသည့် DYNA မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၇၇ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ နံနက် ၄ နာရီခွဲတွင် ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ကြီး၊ ရွှေပြည်သာရပ်ရှိ တည်းခိုခန်း၌ ဘိန်းဖြူများ တာဝန်ခံ သယ်ဆောင်သူများဖြစ်ကြသည့် ဇော်ဦး၊ ခွန်ထွန်းလင်းနှင့်အတူ ဖမ်းဆီးရမိ ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မောင်ငြိမ်း၊ ကိုလေး(ခ)သန့်ဇော်ထွန်း၊ အိုက်အွမ်၊ သိန်းလင်းမောင် (ခ)ဒိုဇာ၊ ထွန်းထွန်းဦး(ခ)ကြီးဘ၊ ကျော်သူတို့ ၈ ဦးကို ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ HIJET မော်တော်ယာဉ် ၁ စီး၊ SURF မော်တော်ယာဉ် ၁ စီး၊ 4 WHEEL DOUBLE CAB မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့်  ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်